Monday, November 20, 2006

ပြောပါရစေဗျာ။

ကထိက ဦးစိန်လွင်လေး(၀ိဇ္ဖာ-ဂုဏ်ထူး၊ ဒီဂျေ) ရေးတဲ့ “နတ်သျှင်နောင် နှင့် ဓါတုကလျာ” စာအုပ်လေးတွေ့ ပြီး ငဇင်ကာနဲ့ အကြောင်း ဘာများ ရေးထားမလဲလို့ ဖတ်ကြည့်လိုက်မိပါတယ်။ အဲ နတ်သျှင်နောင် ကိစ္စတော့ နောက်မှ ပြောတော့မယ်။ ခုတော့ ဖတ်မိတာလေးတွေ အရင် ပြောပါရစေဗျာ။

မဟာဥပရာဇာ မင်းကြီးစွာ ယိုးဒယား တိုက်ပွဲတွင် ကျဆုံးပြီးနောက် အိမ်ရှေ့နေရာ လစ်လပ်ရာ သားတော် အင်းဝ-မင်းရဲကျော်စွာကို အိမ်ရှေ့ပေးရန် သက္ကရာဇ် ၉၅၅ခု၊ ပြာသိုလဆန်း ၈ရက်နေ့တွင် (မြန်မာ သက္ကရာဇ်ပါခင်ဗျာ) နေပြည်တော်သို့ ခေါ်တော်မူသည်။ ရောက်လျှင် အိမ်ရှေ့နေရာ ပေးတော်မူသည်။ အိမ်ရှေ့မင်းသစ် မင်းရဲကျော်စွာသည် အဆင်အခြင်ဥာဏ် ကင်းမဲ့သည်။ သေရည် သေရက် မူးရစ်ကာ ကိုယ်စိုးကိုယ်ပိုင် ထင်ရာကို ပြုတတ်သည် (ဒါများ ထူးဆန်းလို့လားကွယ်)။ မင်းရဲကျော်စွာအား အိမ်ရှေ့ပေးခြင်းမှာ မှားခြင်းကြီးမက မှားလှစွာ၏။

မင်းရဲကျော်စွာသည် လက်အောက်ခံ မွန်လူမျိုးတို့အား လယ်မလုပ်ရဟု အာဏာနှင့် တားသည်။ ထို့နောက် မိမိပိုင် ကျွှဲအရှင်း နှစ်ထောင်ကျော် သုံးထောင်နှင့် မြေပြင်အနှံ့ လုပ်ကာ ရသမျှ စပါးကို မိမိ၏ ကျီတိုက်ထဲသို့ သွင်းသည်။ စပါးရှားသောအခါ မိမိပိုင် ကျီတော်မှ စပါးကို ဈေးတင်ကာ ထုတ်ရောင်းသည်။ ထိုအခါ ပြည်သူပြည်သားတို့ ဆူပူကြကုန်သည်။

(ချီးကျူးစရာပဲပေါ့၊ လာဘ်မြင်တယ်နော်။ ထုတ်ရောင်းတာပဲ ကျေးဇူးတင်။ export လုပ်လိုက်မှ ထမင်းရည်သောက်နေရမယ်။ တဖက်ကကြည့်တော့လည်း တုံးသလိုပဲ။ ခုခေတ်ဆို လယ်မလုပ်ရလို့ မတားပါဘူး။ စိုက်ပြီး လာပို့ခိုင်းလိုက်တာပဲ။ လိုနေရင်တောင် ၀ယ်ပြီး quota ပြည့်အောင် ဖြည့်ပေးရသေး။)

အိမ်ရှေ့မင်း မင်းရဲကျော်စွာသည် တိုင်းပြည်ကို အုပ်ချုပ်ရေး၌ ကျွမ်းကျင်မှု မရှိပဲ မိမိ၏ ငယ်ကျွန်တော်၊ လူယုံတော်၊ မိမိဖက်သားများကို ရာထူးအမျိုးမျိုးခန့်၍ အရေးပေးကာ စီမံ ခြယ်လှယ်စေသည်။ နဂို ရှိရင်းစွဲ အမတ်တို့မှာ မင်းရဲကျော်စွာ၏ လူများ ကြိုးဆွဲရာကို ကနေကြရသည်။ ထိုအခါ အုပ်ချုပ်ရေးဖက်၌ များစွာလစ်ဟင်းလေသည်။

(အလဲ့ သူက ဒီလိုကျ ခေတ်မှီသားပဲ။ အာ..မဟုတ်ပါဘူး။ ဒီခေတ်ကလူတွေ သူ့မှီတာပေါ့။ အင်း..မင်းရဲကျော်စွာများ ၂၁ရာစု ပြန်ရောက်လာလေသလား။)
- စာမျက်နှာ ၁၅၆ - ၁၅၇

၁၉၆၇ခု၊ စက်တင်ဘာလမှာ ခေတ်မှီ စာပေတိုက်၊ ရန်ကုန်မှ တန်ဘိုး ၅ကျပ်နဲ့ ထုတ်ဝေပါတယ်။

0 comments: