Friday, March 30, 2007

ကံဆိုးကာစ ဗမာပြည်

ဟိုးလွန်ခဲ့တဲ့ ၄၅နှစ်ကာလက ဗမာနိုင်ငံရဲ့ ကံကြမ္မာကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေတဲ့ အဖြစ်အပျက်လေးအကြောင်း တစိတ်တပိုင်း။ ထုံးစံအတိုင်း ( ) ထဲက ကျနော်လက်ဆော့ထားတာတွေတော့ သည်းခံဖတ်ပေါ့နော်။

မတ်လ (၇)ရက်နေ့စွဲပါ မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်မှာ…

တော်လှန်ရေးကောင်စီအစိုးရသည် ဆိုရှယ်လစ်စနစ်ဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်သွားမည်ဖြစ်ကြောင်း။ ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်ရာတွင် ပ-ထ-စ၊ ဖ-ဆ-ပ-လ၊ ပ-မ-ည-တ နိုင်ငံရေးပါတီကြီးများဖြင့် ညီညွတ်စွာ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မတိကျဘဲ လိုသလို ဆွဲယူနိုင်သဖြင့် အခြေခံဥပဒေသစ် ရေးဆွဲမည် ဖြစ်ကြောင်း။ (၁၉၄၇ အခြေခံဥပဒေနှင့် ၁၉၇၄ အခြေခံဥပဒေတို့တွင် အားနည်းချက်များရှိကြောင်း။ နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် အမျိုးသားညီလာခံကြီးကို ကျင်းပသွားမှာ ဖြစ်ကြောင်း၊ အရွေးကောက်ခံ အမတ်များနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း။….)

အခြေခံဥပဒေသစ် ရေးဆွဲရာတွင် ပါတီကြီး (၃)ပါတီနှင့် ညှိုနှိုင်းရေးဆွဲသွားမည်ဖြစ်၍ အခြေခံဥပဒေသစ် ရေးဆွဲရန် ပါတီကြီး (၃)ပါတီကလည်း အချက်အလက်များကို စဉ်းစားထားကြစေလိုကြောင်းဖြင့် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းက မတ်လ (၂၄)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ဒဂုံရိပ်သာ၌ (ပ-ထ-စ၊ ဖ-ဆ-ပ-လ၊ ပ-မ-ည-တ) နိုင်ငံရေး (၃)ပါတီ ကိုယ်စားလှယ်များအား ဘိတ်ခေါ်ဆွေးနွေးရာတွင် ပြောကြားလိုက်သည်ဟု ထပ်မံသိရှိရ၏။ (စဉ်းစားခိုင်းယုံပါ။ စဉ်းစားတာတွေကို အသုံးပြုမယ်ဆိုတာ မပါပါဘူး။)

…………………………………………………………….

…………………………………………………………….

မလိုလားအပ်။

လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ ကွဲပြားနေခြင်းမှာ မလိုလားအပ်ကြောင်း ပြာကြားလိုက်သည် ဆို၏။ (ကဲ…အဲဒီတည်းက သိဖို့ကောင်းတယ် သူလေး ရေလာမြောင်းပေး လုပ်နေပြီဆိုတာကို)

ဆွေးနွေးနေပါသည်။

ဖမ်းဆီးထားသော (ပထစအစိုးရအဖွဲ့ဝင်) များနှင့် ပြည်နယ်ကိုယ်စားလှယ်များအား တော်လှန်ရေးကောင်စီ အစိုးရနှင့် လက်တွဲ၍ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်း။ လက်တွဲ မဆောင်ရွက်လိုသူများအား ပြတ်ပြတ်သားသား အရေးယူရမည် ဖြစ်ကြောင်းနှင့်လည်း ပြောပြသည်ဆို၏။ (ဆွေးနွေးနေပါတယ် ခေါင်းညိတ်ပါ။ ခေါင်းမညိတ်ရင် လက်ထိတ်ပါ။)

…………………………………………………………….

…………………………………………………………….

ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် လွတ်လပ်ရေးကြိုးပမ်းစဉ် အချိန်ကကဲ့သို့ပင် ရဲဘော်ရဲဘက်စိတ်ဖြင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံဆွေးနွေးသည်ဟု သိရှိရလေသည်။

နောင်ကိုလည်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် သင့်လျော်သလို တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောပြလိုက်သေးသည်ဆို၏။ (သင့်လျော်မှ ဆွေးနွေးမှာ။ မသင့်လျော်တော့ မဆွေးနွေးဘူးပေါ့)

၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၁၄၁-၁၄၅) မှ တိုက်ရိုက် ကူးချသည်။ ၁၇-၅-၆၂ နေ့တွင် စက်တင်ပုံနှိပ်၍ မောင်စိန်ညွန့် မန်းသူရိယက တာဝန်ခံ ထုတ်ဝေသည်။

2 comments:

ဘော်လုံးပွဲ

ဘော်လုံးပွဲ

ထမင်းတနပ်၊ ငတ်ပေါင်းများလှ

စိတ်မာန်ထနေသော

ဒေါသနှင့် အလုပ်သမားများ။

ရုံးအုပ်ကဆဲ၊ မိန်းမကမဲ

ကြွေးရှင်ကဆွဲ

မရဲမရွံ့၊ မ၀ံ့စိတ်ကျ

စိတ်မာန်ပွနေသော

ရုံးက စာရေးကလေးများ။

မှောင်ခိုကုန်တဲ့

ဘူတာရုံမှာ၊ ရှာဖွေရေးဆင်း

မျက်နှာတင်းလျက်

တောနင်းဒလကြမ်း၊ အဖမ်းခံရ

ဘ၀ကိုနာ

စိတ်ဆာနေသောကုန်သည်။

စာအုပ်တိုက် ပတ်ဗလစ်ရှာက

နောက်တခါမှ ငါးကျပ်ယူပါဟု

အခါခါအချိန်းခံရသော

စာရေးဆရာ။

အလုပ်သမား၊ စာရေးစားနှင့်

ခါးကုန်းပိန်သေး၊ ရုံးစာရေးတို့

ဘော်လုံးပွဲဆီ ပြေးပြီးလျှင်

“ဟေ့ကောင်….နီတိုး၊ မအေရိုးကို

ခြေချိုးလိုက်ကွ…။

ဟိုဖက်က စွပ်ပယား

ခေါက်ဆွဲ စားသလား…

ခွေးမသားစူဝက်….”

စိတ်ထွက်ထွက်နှင့်၊ လက်သီးဆုပ်ပြ

ဒေါသဖြစ်သမျှ

မိမိရရကော်ဆဲ၊ စိတ်ဆာတာနဲ့ အတော်ဘဲ။

ရင်ထဲ ဒါမှ ရှင်းလေသတည်း။

ဘော်လုံးပွဲအပြီး

ထီးစုတ်ကလေးနှင့် စာရေးဆရာ

ပတ်ဗလစ်ရှာထံ

မျက်နှာချိုသွေး

အရေးဆိုရန်

ခပ်ကုပ်ကုပ်နှင့် သုတ်သုတ်ပြန်လေပြီ။

အလုပ်သမား

ဘတ်စကားကိုတိုး၊ ညှိုးလျလျမျက်နှာနှင့်

သာကေတကို ပြန်ရရှာချေပြီ။

နောက်တနေ့မနက်

စာရေးကလေး ရုံးပြန်တက်သော်

ရုံးစာအုပ်ရှေ့မှာကြွက်၊ မျက်နှာကလေးဆီးရွက်နှင့်

လက်နှိပ်စက်ရိုက်နေပြန်လေသတည်း။

(၂၄-၁-၆၉ မှ ၂၅-၂-၇၃)

ဦးတင်မိုးရဲ့ ပုဂံကျောင်းက ခေါင်းလောင်းသံ ကဗျာစာအုပ်မှပါပဲ။ ကျနော်တို့ရော ဘော်လုံးပွဲတွေမှာ ဘာကြောင့် ဆဲကြသလဲ။

မှတ်မှတ်ရရပေါ့။ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အချိန်က သုဝဏ္ဏဘောလုံးကွင်းကြီးထဲမှာ မီးကုန်ယမ်းကုန် အင်တိုက်အားတိုက် လှိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါ ဆဲခဲ့ဖူးတယ်။ ဘ၀မှာ ကြည့်ဖူးတဲ့ ဘောလုံးပွဲတွေထဲမှာ အဲဒီပွဲဟာ ရင်ခုန်စရာ အကောင်းဆုံး၊ ဒေါကန်စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး။ ကြည့်ဖူးရင်မှတ်မိလိမ့်မယ်။ “ဘဏ္ဏာအခွန်နဲ့ ကာကွယ်ရေး” နောက်ဆုံးဗိုလ်လုပွဲ။

ပွဲကြည့်စင်တိုင်းရဲ့ အပေါ်တ၀က်ကို အစိမ်းရင့်ရောင် ၀တ်စုံတွေ ပွဲမစခင် နာရီပေါင်းများစွာထဲက နေရာယူထားခဲ့ကြတာပေါ့။ အထက်စီးကနေ ရေဘူးတွေ၊ ပြောင်းဖူးရိုးတွေ၊ ရံဖန်ရံခါ သေးထုပ်တွေ အောက်က ပရိတ်သတ်ပေါ် ကျရောက်ရင် ဘာမှ မဖြစ်ပေမယ့် အောက်က အပေါ်ကို တုံ့ပြန်ပြီဆိုရင် လုံခြုံရေးတွေ ရောက်လာတတ်တာပ။ ဒီလိုကို ပေါ်တင်အနိုင်ကျင့် ခံခဲ့ရတယ်။

ဒါပေမယ့် ကျနော်တို့နိုင်ခဲ့တယ်။ ပြည်သူတွေနိုင်ခဲ့တယ်။ အဲဒီပွဲဟာ ဘဏ္ဏာအခွန်နဲ့ ကာကွယ်ရေး ဘောလုံးပွဲမဟုတ်ခဲ့ဘူး။ လူထုနဲ့ စစ်တပ် ပွဲဖြစ်ခဲ့တယ်။ ပွဲအပြီး ကျနော်တို့တွေ၊ ပြည်သူတွေ အောင်ပွဲခံခဲ့ပုံတွေ ခုထိမြင်ယောင်နေတုန်းပဲ။ သုဝဏ္ဏကွင်းထဲက ပြိုဆင်းလာတဲ့ လူအုပ်၊ ကွင်းပြင်က ၀င်ခွင့်မရလိုက်တဲ့ လူတွေရဲ့ မျှော်လင့်ချက် မျက်လုံးတွေနဲ့ ရင်ခုန်တဲ့အမေး။ ကျနော်တို့ လမ်းပေါ်မှာ ကခဲ့ကြတယ်။ မီးပွိုင့်တွေမှာ ကားတွေက မေး၊ ကျနော်တို့က ဖြေ “ဘဏ္ဏာအခွန်၊ ဘဏ္ဏာအခွန်”။ လက်ဆွဲနှုတ်ဆက်၊ ဟွန်းတွေတီးကြ။ ဘရာဇီးကမ္ဘာ့ဖလား အောင်ပွဲခံတာ ပျင်းတယ်။ ဂျာမနီ ယူရိုအောင်ပွဲခံတာ ပျင်းတယ်။ ယူအေအီး အာရှဖလားအောင်ပွဲခံတာ ပျင်းတယ်။ ဒါအောင်ပွဲ၊ ပြည်သူတွေရဲ့ အောင်ပွဲ။

2 comments:

Thursday, March 29, 2007

ဘုန်ကြီးဝတ်ခွင့်နှင့် တို့ဗမာပြည်



မတ်လ ၂၀ ရက်နေ့က ဘုန်းကြီးဝတ်ခွင့် မရလို့ တကိုယ်တော်ဆန္ဒပြနေတဲ့ ကိုထင်ကျော်ရဲ့ပုံတွေပါ။


လာဖမ်းသွားတဲ့ပုံလေးလဲ ပါသပ။

ဓာတ်ပုံရိုက်ဖြစ်လိုက်တဲ့ သူများကို မသိပေမယ့် ကျေးဇူးပါ။ ဒါမျိုးဆိုတာ သမိုင်းမှာ မြင်ရခဲတယ်။


ရန်ကုန်မြို့လယ် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုထင်ကျော်အပါအ၀င် ၆ယောက်ကို ဘုန်းကြီးပေးမ၀တ်တဲ့သတင်းပါ။ ဂျာနယ်ဖတ်သူတိုင်း တွေ့ကြရမယ့်ဟာလေးပေါ့။

ဆန္ဒပြဖူးလို့ ဘုန်းကြီးပေးမ၀တ်ဘူးတဲ့။ ဗုဒ္ဓေါ..ဒီလိုသာဆို ဗမာနိုင်ငံကြီးတော့ ရဟန်းရှားပါးတဲ့ နိုင်ငံဖြစ်တော့မှာပဲ။ ခက်ခက်ချေသေး။ ဆန္ဒပြတဲ့ပြစ်မှုကြောင့် ဘုန်းကြီးမ၀တ်ရရင် ခိုးဖူး၊ ၀ှက်ဖူး၊ သတ်ဖူးတဲ့ လူတွေလည်း ဘုန်းကြီး ပေးမလုပ်သင့်ပေဘူးပေါ့။ ကိုင်း…သွားကြပေတော့ ငရဲကို။ (ဗမာပြည်စစ်တပ်ကြီးတော့ ဒီအတိုင်းဆို ကုသိုလ်ရစရာ မမြင်)

တော်သေးတာပေါ့ ဂေါတမခေတ်တုန်းက ဒီလို အစိုးရမဟုတ်ပေလို့။ နို့မို့လို့ကတော့ အင်္ဂုလိမာလတယောက် ရဟန်းဘ၀ ရောက်နိုင်မယ်မဟုတ်ဘူး။ ဂေါတမလည်း အင်္ဂုလိမာလကို ရဟန်းပြုခါနီးကျမှ ရဲစခန်းသွား ထောက်ခံချက်တောင်းနေရအုံးမယ်။

(တော်လောက်ပြီ။ တော်ကြာငရဲမင်း မျက်စိစားပါးမွှေးစူးနေအုံးမယ်။)

2 comments:

Wednesday, March 28, 2007

In honour of the Resistance Day

Major General Aung San pledges

to fight for country

H. E. Major General Aung San, War Minister, speaking on behalf of the Army at the send-off ceremony on Saturday, pledged the country till final victory is won. He disclosed that he himself was departing with the soldiers to frontlines, and that he would share whatever hardships they would meet. He said “Our army will fight for the benefit to the country, and, if needs be, we will offer ourselves as the very bulwarks against the attacks of the enemy. We will fight the enemy with all the strength in our possession. Unless we can drive the enemy away from our country, and unless we can beat him decisively, our freedom will always be in jeopardy. Let us therefore advance so that the prosperity of our children will be secured.”



“Greater Asia

Rangoon-Tuesday-March 20, 1945.

0 comments:

Tuesday, March 27, 2007

တော်လှန်ရေးနေ့


ဒီနေ့ ဗမာပြည်ရဲ့ ၆၂ ကြိမ်မြောက် တော်လှန်ရေးနေ့ပါ။ သြော်…ဘာလိုလိုနဲ့ တတိုင်းတပြည်လုံး အုံးအုံးကြွက်ကြွက် စိတ်တူကိုယ်တူ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့တာ ၆၂ နှစ်ကြီးများတောင် ရှိခဲ့ပေါ့။ အတိအကျပြောရရင် ဖက်ဆစ်ကို တော်လှန်သော တော်လှန်ရေးနေ့ပေါ့။

တပ်မတော်နေ့လို့ ရုပ်တည်နဲ့ ဆိုတဲ့သူတွေကလည်း ဆိုပါတယ်။ ကျနော်တဦးချင်းရဲ့အမြင်အရ တပ်မတော်နေ့ဆိုတာ တပ်မတော်ကြီးကို စတင်ထူထောင်တဲ့နေ့ပဲ ဖြစ်သင့်ပါတယ်။ ဒါ့ကြောင့် တပ်မတော်နေ့လို့ ရုံးပိတ်ရက်ကလေး ထပ်တိုးချင်ရင် (သင်္ကြန်တောင် ၁၀ရက်ပိတ်သေးတာ) ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေ ယိုးဒယားနိုင်ငံ ဗန်ကောက်မှာ လက်မောင်းသွေးဖောက် သစ္စာရေသောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကို စတင်ဖွဲ့စည်းခဲ့တဲ့ ဒီဇင်ဘာ ၂၆ ကိုသာ သတ်မှတ်သင့်ပါကြောင်း။ (တိုက်တိုက်ဆိုင်ဆိုင်ပေါ့နော်….ဒီလက်မောင်းသွေးဖောက် သောက်ကြတဲ့ အထဲမှာ ဗိုလ်နေ၀င်း မပါပါဘူးခင်ဗျာ။ သမိုင်းမှာ ဘယ်တုန်းကမှ အဲဒီအကြောင်း ထည့်မသင်ပါဘူး။ မှတ်လော့)

ဒါကြောင့် ယနေ့သည် တော်လှန်ရေးနေ့ဖြစ်၏။ တော်လှန်ရေးနေ့ဖြစ်၏။ တော်လှန်ရေးနေ့ဖြစ်၏။

0 comments:

Monday, March 26, 2007

ဂေါတမလက်ထက်က ပြည်သူ့အုပ်ချုပ်ရေး

“နှမတော်…ဘုရင်အုပ်ချုပ်ရေးနဲ့ ဂဏ(ပြည်သူ့)အုပ်ချုပ်ရေးဟာ ဒီနေရာမှာ အခြေခံပီး ခြားနားကြတာပဲ။ ဂဏတန္တရဟာ ပြည်သူ့အုပ်ချုပ်ရေးပဲ ဖြစ်တယ်။ သူ့ရဲ့ယန္တယားဟာ အာဏာနဲ့ အခွင့်အရေးတွေ အပေါ်မှာ အခြေမခံဘဲ တာဝန်နဲ့ ၀တ္တရားပေါ်မှာပဲ အခြေခံတယ်။ ဂဏတန္တရဟာ အုပ်ချုပ်စိုးမိုးဖို့ မဟုတ်ဘူး၊ ပြည်သူတွေအားလုံး ချမ်းချမ်းမြေ့မြေ့ မျှမျှတတဖြစ်အောင် စီမံပေးဘို့ပဲ ဖြစ်တယ်။ ဒါပေမယ့် ရာဇတန္တရကတော့ ဘုရင်ကြီး ဘုရင်ငယ်တွေရဲ့ အခွင့်အာဏာအတွက်ဖြစ်တယ်။ …………………………………………………………………………………………………………

အဲဒီမှာ ဗြဟ္မဏတွေရှိတယ်။ ၀သျှတွေရှိတယ်။ သုန္တရတွေရှိတယ်။ သူတို့ဟာ တမျိုးနဲ့တမျိုး အဆင့်အတန်း ခွဲခြားပီး မသင့်ကြဘူး။ ဒီလို မသင့်မတင့် ဖြစ်နေခြင်းအားဖြင့် ဘုရင်တွေအဖို့ သူတို့လိုသလို ကျင့်သုံးနိုင်ဘို့အတွက် အထောက်အပံ့တွေဘဲဖြစ်တယ်။ ဒါပေမယ့် ဂဏအုပ်ချုပ်ရေးအတွက်မှာတော့ အဲဒီလို သွေးကွဲမှုတွေဟာ ကြီးမားတဲ့ အဟန့်အတား အနှောက်အယှက်ဖြစ်တယ်။…………………………………”

စာမျက်နှာ ၁၉၃၊ တက္ကသိုလ် တင်ထွန်းအောင်ရေး“ဝေသာလီမြို့က ပြည့်တန်ဆာ”

သီဟ သူ့ဇနီးကို ပြောပြနေတာတွေပါ။ စာကို အကုန်ကူးရင် များလွန်းလို့ ဖတ်စေချင်တာလေးတွေပဲ ကူးထားပါတယ်။ (……….)တွေက မကူးထားတဲ့နေရာတွေပေါ့။

နည်းနည်းနားလည်အောင် ပြောရရင် သီဟက ဝေသာလီသားပါ။ ဒီဇာတ်လမ်းဟာ ဂေါတမ သက်ရှိထင်ရှားရှိစဉ်အချိန်က ဝေသာလီ၊ ရာဇဂြိုလ်၊ ကောသလ၊ သာဝတ္တိ၊ ဂန္တာရ စတဲ့မြို့နိုင်ငံတွေပေါ်မှာ မူတည်ရေးထားတာပါ။ အဲဒီကာလတုန်းက ပြည်သူ့အုပ်ချုပ်ရေး(ဒီမိုကရေစီ ဘိုးအေပေါ့လေ)နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေနဲ့ ဘုရင်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေဆိုပြီး ကွဲနေတဲ့ အထဲမှာ ဝေသာလီရဲ့ ဂဏအုပ်ချုပ်ရေးဟာ သိပ်ကို နာမည်ထွက်ခဲ့တာပါ။ ဝေသာလီဟာ သိပ်ချမ်းသာ ခဲ့တာပေါ့။ ဗုဒ္ဓသမိုင်းတွေ ဖတ်ဖူးတဲ့လူတွေ သိပါလိမ့်မယ်။ ဒီစာအုပ်မှာမှ ဝေသာလီအကြောင်းပါတာ မဟုတ်ပါ။

ထားတော့။ သီဟရဲ့ အပြောလေးတွေကိုဖတ်ပါ။ ၂၁ရာစု ဗမာနိုင်ငံနဲ့ ယှဉ်စဉ်းစားပါ။ အဖြေတခုခုထွက်လာရင်၊ ဒါမှမဟုတ် စဉ်းစားစရာ တခုခုထွက်လာရင် ကျနော် ကျေနပ်ပြီ။

0 comments:

Sunday, March 25, 2007

ဂေါတမ လက်ထက်က ဘုရင်စနစ်

“……ဒီဆင်းရဲမှုတွေ မမျှတမှုတွေရဲ့တာဝန်ဟာ ဘယ်သူ့ပေါ်မှာရှိမလဲ မောင်တော်”

ရောဟဏီက သီဟကို မေးလိုက်သည်။ သီဟကရယ်၍ ဇနီးဖြစ်သူကို ကြည့်လိုက်သည်။

“ဘုရင်တွေ မင်းကြီး မင်းငယ်တွေမှာ ရှိတာပေါ့။…………..”

“သူတို့ကြောင့်ဆိုတာ ဘာကြောင့်ပြောနိုင်ရတာလဲ”

“ဘာကြောင့်လဲဆိုတော့ ဘုရင်စနစ်ဟာ ဘုရင်လုပ်သူရဲ့ အာဏာအခွင့်အရေးသာ ပဓာနဖြစ်လို့ပဲ။ သူဟာ သူ့ရဲ့နိုင်ငံမှာ အကြွယ်ဝဆုံးနဲ့ အလွတ်လပ်ဆုံးပုဂ္ဂိုလ်ပဲ။ သူဟာ ဘာမှ အလုပ်မလုပ်ပဲနဲ့ ဥစ္စာပစ္စည်းတွေဟာ တနေ့တခြားတိုးပွားနေတယ်။ သူ့နိုင်ငံမှာရှိနေတဲ့ ကျွန်တွေ သုန္ဒရတွေနဲ့ ပြည်သူတွေရဲ့ ပစ္စည်းဟာ သူပိုင်ပစ္စည်းပဲဖြစ်တယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မှန်သမျှတို့ရဲ့ အရှင်သခင်ပဲဖြစ်တယ်။ သူဟာ ပြည်သူတွေရဲ့ သမီးကညာတွေကို သူ့ရဲ့ ဆန္ဒရမက်အတွက် သူ့နန်းတော်တွေထဲမှာ ထားနိုင်တယ်။ ပြည်သူတွေရဲ့ သားလုလင်တွေကိုတော့ သူ့ရဲ့ထီးနန်းစည်းစိမ် နိုင်ငံတော် ချဲ့ထွင်ဘို့အတွက် လက်နက်ကိုင်တိုက်ခိုက်စေခိုင်းတယ်။ ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေကိုလဲ သူ့ရဲ့ ထီးနန်းအဆောင်တော်တွေ တည်ဆောက်ဖို့အတွက် အသုံးပြုရတယ်”

“ဟင်…လူတွေက ဒါတွေကို ခေါင်းငုံ့နေကြတာဘဲလား..”

“ဒါကတော့ အုပ်စိုးသူတွေဟာ လက်နက်၊ အာဏာနဲ့ အဓမ္မ ဖိနှိပ်လာခဲ့တာ အနေကြာလာတော့ အစဉ်အလာလို ဖြစ်ပြီး အကျင့်ဖြစ်သွားတော့လဲ ခံနေကြတာဘဲ။ …….”

စာမျက်နှာ ၁၉၁-၁၉၂။ တက္ကသိုလ်တင်ထွန်းအောင်ရေး “ဝေသာလီမြို့က ပြည့်တန်ဆာ” ပထမပိုင်း။ ထုတ်ဝေသည့်နှစ်၊ ထုတ်ဝေသူ မမြင်ရတော့ပါ။

ကဲသိကြပလား ဘာကြောင့် မင်္ဂလာဆောင်ကြီးကြီးလုပ်၊ စိန်ကြီးကြီးပန်ပြီး အိမ်ကြီးကြီးတွေနဲ့ နေနိုင်တယ်ဆိုတာ(ဗိုက်ကြီးကြီးတော့ ဘာလို့လဲ မသိပေါ့လေ)။ ချမ်းသာတာ အပြစ်မပြောပါနဲ့။ ဘုရားလက်ထက်ကတည်းက သီဟဆိုတဲ့ ပုဂ္ဂိုလ်လေးတောင်သိသေးတာ။ ကျနော်တို့တွေလည်း သီဟ လောက်တော့ သိသင့်ပြီပေါ့။ ကိုသီဟပြောတဲ့ အကျင့်လေးတွေလည်း ဖျောက်သင့်ပြီပေါ့။……

ဖတ်ပြီးပြုံး၊ ပြုံးပြီးမဲ့၊ မဲ့ပြီး စိတ်ပျက်နိုင်ကြကုန်စေသောဝ်။

0 comments:

Thursday, March 22, 2007

ပည့ာတန်ဆောင်နဲ့ နတ်မိမယ် ၉

စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)က ကျောင်းသူကျောင်းသားတွေဦးဆောင်လုပ်နေတဲ့ လှုပ်ရှားမှုလေးတွေပါ။


ပည့ာတန်ဆောင်က လက်ပံပျား ကျေးရွာမှာ စာကြည့်တိုက်ဆောက်ပြီးပါပြီ။ ရေတွင်းလည်း တူးပေးပြီးပါပြီ။ စာအုပ်တွေလည်းလှူ၊ ဆေးတွေလည်း လှူပြီးပါပြီ။ ၂၀၀၂ တည်းက ဗမာကျောင်းသားတယောက်စပြီး လုပ်ခဲ့တာကို နှစ်တိုင်းဆက်သွားနေခဲ့တာပါ။ အဲဒီကျောင်းသား တက္ကသိုလ်မှာ မရှိတော့ပေမယ့် NUS က စင်ကာပူကျောင်းသားတွေ ဆက်လုပ်နေဆဲပါ။ ဒီနှစ်လည်း ဇွန်လမှာထပ်သွားပြီး ကျောင်းအတွက် ပရိဘောဂတွေလှူမယ်ဆိုပါတယ်။ လက်ရှိအချိန်ထိ ကျောင်းမှာ ပရိဘောဂမရှိဘူးလို့ဆိုထားပါတယ်။ စင်ကာပူကလူတွေတော့ ဒီမှာ အလကားဝေတဲ့ Voices မှာဖတ်နိုင်ပါတယ်။ အပေါ်ပုံက အဲဒီရွာမှာ စင်ကာပူသား တရုတ်လေးတယောက် ကျောင်းသားလေးတွေကို ပစ္စည်းဝေနေတုန်း ရိုက်ထားတာပါ။ အသေးစိတ် သိလို ကူလိုရင် ppt_nus@yahoogroups.com ကိုဆက်သွယ်နိုင်ပါတယ်။


နတ်မိမယ် ၉ ကတော့ ကရင်ပြည်နယ် ၀င်းကျန်(ဒါလည်း စာလုံးပေါင်း မသေချာပါ) ကျေးရွာကို သွားမှာပါ။ ဗမာကျောင်းသား ၂ယောက်ရယ် စင်ကာပူကျောင်းသား ၂၂ယောက်ရယ် သွားပါလိမ့်မယ်။ မေ ၉ ကနေ ၃၀ အထိနေပြီး ကျောင်းစိမ်း ၀တ်စုံတွေ၊ မူလတန်း ကျောင်းစာအုပ်တွေ၊ ကလေးပုံပြင်စာအုပ်တွေလှူပါမယ်။ ကလေးတွေကို စာသင်ပေးမယ့်အပြင် ကျောင်းကဆရာမတွေကိုလည်း training ပေးမယ်ဆိုပါတယ် (အထူးသဖြင့် အင်္ဂလိပ်စာပေါ့)။ အခုတော့ ဒီခရီးအတွက် စတင်အလှူခံနေပါတယ်။ NUS ထဲမှာ နတ်မိမယ် ၉ အဖွဲ့ဝင်တွေ ကားရေဆေးရင်း fund ရှာနေကြပါပြီ။ သူတို့ Blog ရှိပါတယ်။ သွားကြည့်ပါ။ ဗမာတွေစုရုံး စုရုံး လုပ်တဲ့ Peninsula Plaza မှာလည်း ဒဏ္ဏာရီက အလှူခံပေးနေပါတယ်။ ကျောင်းစိမ်းတွေ၊ ကလေးစာအုပ်တွေ၊ ပိုက်ဆံတွေ တတ်အားသမျှ ကူညီကြပါလို့။

ကိုယ်မလုပ်နိုင်တာကို လုပ်ပေးတဲ့လူရှိရင် လုပ်ပေးတဲ့လူကို တတ်နိုင်သလောက် ကူညီခြင်းဖြင့် လုပ်နိုင်သလောက် လုပ်ကြပါလို့။ ကျေးဇူးအထူး တင်ပါတယ်ဗျာ။ သူငယ်ချင်းတွေကိုလည်း ပြောလိုက်ကြပါဦး…..

1 comments:

Friday, March 16, 2007

19th Anniversary of Red Bridge Day


March 16, 1998. Prome Road(Inya Lake),Rangoon, Burma.

Sound of yelling, cursing and shouting spread all over Prome Road and Inya Lake. Platoons of Stick wielding Riot Police were enjoying their day by beating, kicking, and even drowning the University students on strike.

Earlier hundreds of University students gathered and demanded justice from the ruling government for what happened on March 13 inside RIT compound. The demand to release all arrested RIT students were also raised. BSPP responded by sending troops of Riot Police to crush the strike.

The white staircase (တံတားဖြူ)leading upwards the Inya Lake was so stained with students’ blood that March 16 was later known in Burma as “Red Bridge Day” (တံတားနီ နေ့). It was rumored female students were molested while drowning inside Inya Lake and nearly a hundred were either beaten to death or drowned to death.

As far as I remember, the official version of the incident did not mention how much causality was there but they did admit 40 students were died of suffocation while transporting them to Insein prison. It was because the vehicle those 40 students were put in had little room for even about 20 people; it was not made for human transporting; the back of the vehicle carries a sealed container with no window. Until about 2 years ago, the vehicle was still running in North Oakkala.

It was a day not to be forgotten, it was a day our brothers and sisters loss their lives while trying to bring better future for us, it was a day 1988 witnessed the first mass killing of innocent people by the authorities. And it is now a day that reminds us the duty to make Burma better is now on us.

From here, I bow, for the fallen heroes!

1 comments:

Thursday, March 15, 2007

အားတက်စရာ ဗမာ့အနာဂတ်များ

“အမယ်လေး” ဘာများလဲလို့ ဖတ်နေတဲ့မျက်စိတွေ ချက်ချင်းခွာသွားတာ တွေ့လိုက်ရတယ်။ “ဟဲ့ဟဲ့…မဖတ်နဲ့၊ မဖတ်နဲ့” ဘေးက သူ့သူငယ်ချင်းကိုပါ တဆက်တည်းတားလိုက်တယ်။ သူ့သူငယ်ချင်းမက ကြောက်ကြောက်လန့်လန့်နဲ့ စာရွက်ကို ချက်ချင်းပြန်ချ။ “မဖတ်ဘူးနော်”တဲ့။

မနေ့က ကျနော်မြင်လိုက် ကြားလိုက်ရတဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသူတစုရဲ့ စာရိတ္တသပိတ် လှုံ့ဆော်စာအပေါ် တုန့်ပြန်မှုလေးပါ။ အနီးအနား မေးမြန်းကြည့်တော့ သူတို့တတွေ ဒီမှာ မဟာသိပ္ပံဘွဲ့ လာတက်နေကြတာဆိုပဲ။ ရင်နာစရာပါ။ ကျနော်တို့တွေ သိပ်မြတ်နိုးတဲ့ကျောင်း၊ သမိုင်းအစင်အလာ ကြီးမားတဲ့ကျောင်း၊ အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ခေတ်အဆက်ဆက် ရှေ့တန်းက ပါဝင်ခဲ့တဲ့ကျောင်း။ ဒီကျောင်းက မွေးထုတ်လိုက်တဲ့ ရင်နှစ်သည်းခြာ နိုင်ငံ့အနာဂတ်တွေဟာ ကိုယ်ပိုင်ဆိုင်တဲ့ မျက်လုံးတစုံကိုတောင် စစ်တပ်ခွင့်ပြုချက်မပါပဲ မဖွင့်ရဲဘူးဆိုတော့…….။

ကျနော် သိပ်ဝမ်းနည်းတယ်။ သိပ်စိတ်ပျက်တယ်။ သိပ်တုန်လှုပ်သွားတယ်။ ကျနော်တို့တတွေ ဒီလောက်တောင် ရှူံးသွားပြီလား။ ဒီလောက်ထိအောင် တကယ်ကို သွေးကြောင်ကုန်ပြီလား။ ကိုယ့်မျက်လုံးတောင် ကိုယ်မပိုင်တဲ့ ဒီအနာဂတ်တွေရဲ့လက်ထဲ ဗမာပြည်ကြီးကို ထိုးအပ်လိုက်ရင်…… “တို့တာဝန်အရေးသုံးပါး၊ ပြည်သူ့သဘောထား” ဆိုပြီး “နိုင်ငံဦးဆောင်မှုဟာ တပ်မတော်ရဲ့တာဝန်သာဖြစ်တယ်” လို့ တညီတညွတ်တည်းဆိုကြမယ်ထင်တယ်။

“ရန်ကုန်မှာ အကိုရှိသေးတယ်။ သပိတ်မှောက်လိုက်ရင် သူဘယ်လိုလုပ်မလဲ”တဲ့(လမ်းပေါ်ထွက်ပြီး အော်ခိုင်းနေလို့လားဗျာ)။

“ကျနော်က ဒါတွေနားမလည်ဘူး”တဲ့(ဗမာလို ရေးထားတာကြီးကိုလေ)။

တပ်မတော်ကြီးရေ…..စိတ်အေးလက်အေးသာ နေပါတော့။

0 comments:

Wednesday, March 14, 2007

ဘာလုပ်ကြမလဲ။


ဖတ်ကြည့်ပါ။ တွေးကြည့်ပါ။ ပြီးရင် ဆုံးဖြတ်ပါ။

ကျနော်တို့ တတွေ ဘာမှ မလုပ်နိုင်ဘူးဆိုပြီး ထိုင်နေကြမလား။

လုပ်နိုင်သလောက်လေး လုပ်မယ်ဆိုပြီး ကူလုပ်ကြမလား။

ကြားဖူးကြမှာပါ…“ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး”

ကိုယ်တယောက်တည်း လုပ်လို့ မဖြစ်ဘူးဆိုပြီး မသိချင်ယောင်ဆောင်နေကြမလား။

ကိုယ်လိုလူတွေ တယောက်၊ တယောက်နဲ့ အများကြီးရှိရင်ဆိုပြီး လုပ်ကြမလား။

ကြားဖူးကြမှာပါ..“အုတ်တချပ်၊ သဲတပွင့်”

မကြိုက်ဘူး၊ မကောင်းဘူး တတွတ်တွတ်ရွတ်နေမယ့်အစား

သူများပြောတာတွေ ခေါင်းညိတ်နေမယ့်အစား

သူများတွေလုပ်တာတွေ လက်ခုပ်တီးနေမယ့်အစား

……………………………….

ကြားဖူးကြမှာပါ…“တနေ့တလံ၊ ပုဂံ ဘယ်ရွေ့မလဲ”

ကျနော်ကတော့ ထိုင်ရာကထလို့ ခြေတလှမ်းလှမ်းလိုက်ပြီ။

သဲတပွင့် အဖြစ်ပေါ့။

ဗမာပြည်မှာ သဲမုန်တိုင်းကြီး တိုက်ပါစေ…အုတ်မိုးကြီး ရွာပါစေ….

0 comments:

Tuesday, March 13, 2007

19th Anniversary of March 13, 1988


March 13, 1988
. Rangoon Institute of Technology(RIT), Insein, Rangoon, Burma.

Scores of RIT students were in confrontation with Burmese Riot Police. The mass unrest was triggered by the release of Zaw Zaw (a) Nyi Nyi Lwin, reportedly to be a son of Burma Socialist Programme Party (BSPP) Ward’s People Council. He was allegedly involved in hitting the RIT students at Sandar Win Teashop on March 12, 1988 together with his friends.

There were 300 or 400 students at that time against two platoons of Riot Police. No one at that time knew this day would bring the very first casualty of thousands killed throughout the turbulent year of 1988. On this day the struggle against 26 year rule of BSPP was started.

Picture:Demonstration in front of Rangoon General Hospital, 1988.



In a Riot Report Commission report released on May 1988, the RIT incident was mentioned as below.

Some of the personnel who were responsible for maintaining order and security and some members of the squad were hit by stones and got hurt and they began to use water hoses from fire engines to break up the crowd. About 15 minutes later the fire engines ran out of water.

The students got more rowdy with more throwing of stones. The Rangoon Division People's Police Force Commander ordered the platoon commander of the riot squad to use tear-gas to break up the crowd and if the crowd did not break up and members of the squad were in danger of being harmed, six of the twelve members who were armed with Remington twelve-bore shot-guns were to open fire at a level close to the ground.

The riot squad entered the campus of the Rangoon Institute of Technology and broke up the crowd using 14 tear-gas bombs six of which were fired by guns and eight of which were thrown by hand as well as opening fire with six Remington shot-guns each using only one shot. Five students got wounded and one of them, Maung Phone Maw, died.

According to the testimonies of the Police Surgeon and other doctors, as well as the Ballistic Expert of the Criminal Investigation Department (Insein), the lead shots extracted from the wounds of the students were found to be those which came from shot-guns.

So, student Maung Phone Maw of the RIT succumbed to the wounds caused by shots from amonst six shot-guns numbered 755856, 756438, 755554, 753695, 753170 and 753816 used by members of the riot squad. Besides Maung Phone Maw, RIT student Maung Soe Naing also succumbed to the bullet wounds on 5-4-88 while undergoing medical treatment at the Rangoon General Hospital.

If (if) the report is to be believed (which I never do), the sequence should go like this.

  1. Use tear-gas to break up the crowd and if the crowd did not break up and members of the squad were in danger of being harmed,
  2. Six of the twelve members who were armed with Remington twelve-bore shot-guns were to open fire at a level close to the ground.

However, if you read carefully, you can see the sequence went

  1. Broke up the crowd using 14 tear-gas bombs
  2. Opened fire with six Remington shot-guns each using only one shot.

There was no sign of waiting to see IF the crowd broke up after firing tear-gas. And there was no sign of firing guns level close to the ground.

More students were arrested on the following days. According to the report, a total of 625 RIT students were arrested on 15, 16, and 17 March. 484 students were released on 16 April and on 1 May but 141 remained under custody.

It is now 19 years after that incident. But we remember them and we give our respect to them.

For Ko Phone Maw, for Ko Soe Naing and thousands who lost their lives, we vow to continue the struggle in anyway we can until our last breath.

0 comments:

Thursday, March 08, 2007

ပလက်ဖောင်းဘေးက အနာဂတ်


သူ ဘာမှ အပူအပင်မရှိဘူး။

သူ့အမေ ဘယ်နားမှာလည်း မသိဘူး။

သူ့အနာဂတ် ဘယ်လိုရှိမလဲ မသိဘူး။

သူ့ကို ဘယ်သူမှလည်း အရေးမစိုက်နိုင်ဘူး။

သူဟာ ဗမာပြည်ရဲ့ အနာဂတ်ဖြစ်တယ်။

သူဟာ ပလက်ဖောင်းဘေးက အနာဂတ်ဖြစ်တယ်။

(Burmese American Democratic Alliance မှာတင်ထားတဲ့ ပုံတွေထဲက အခံစားရဆုံးပုံကိုယူထားတာပါ။ ပုံတွေအားလုံးကို ဒီမှာ နဲ့ ဒီမှာ ကြည့်နိုင်ပါတယ်။)

1 comments:

Tuesday, March 06, 2007

အရာရှိမင်း၏ ဒုက္ခ

အချိန်မရှိလို့ အသည်းအသန် အလျင်အမြန် ဦးတင်မိုးရဲ့ နောက်ကဗျာတပုဒ်တင်လိုက်ပါတယ်။ အရာရှိမင်းများ အတွက်ပါ။

အရာရှိမင်း၏ ဒုက္ခ

အစည်းအဝေးတွင် -

ကျွေးသည်ကိုစား၊ ကြားသည်ကိုဆို

ကြိုသည်ကိုလုပ်၊ ကျွန်ကျွန်ုပ်သည်

ဟုတ်ပါ့မှန်ပါ့၊ နှုတ်မချဘဲ

ကျအောင် ကြိုက်အောင် ပြောတတ်၏။

အလုပ်ခွင်တွင် -

အစီရင်ခံစာ၊ သတင်းစာ၌

မျက်နှာလှအောင်၊ အလယ်ကောင်က

အောင်မြင်မှုများ၊ ကိန်းဇယားနှင့်

သားနားဘိတောင်း၊ ကောင်းမွန်ဘိခြင်း

ဌာနတွင်း၌

သင်းမွှေးအောင် ဆောင်တတ်၏။

အိမ်တွင် -

သမီးရွတ၊ ဆံတိုမနှင့်

သားကဂီတာ၊ တိတ်ခွေပြာနှင့်

လာလာသမျှ၊ ဟာဟာဟဟု

သာစွမွေးနေ့၊ ပွဲကြီးတွေ့သော်

ရှေ့အပတ်ထဲ၊ စည်းဝေးပွဲ၌

လမ်းသူရဲပြဿနာ၊ အဖြေရှာဖို့

ဘယ်စာအုပ်ထဲ၊ ဘယ်ပွိုင့်ဆွဲ၍

လှီးလွှဲတင်ပြရမည်နည်း။

(၂၅-၂-၇၃)

0 comments:

Monday, March 05, 2007

ဟေ၀န်တောင်က ကိုးတောင်ကျား

ဆရာဦးတင်မိုး အမှတ်တရ သူ့ရဲ့“ပုဂံကျောင်းက ခေါင်းလောင်းသံ” ကဗျာစာအုပ်ထဲက ကဗျာတပုဒ်ကို ဝေငှလိုက်ပါတယ်။ ၁၉၇၇ ဇူလိုင်လမှာ တန်ဖိုး ၅ ကျပ်နဲ့ အမေ့ကျောင်းစာစဉ်က ထုတ်ဝေပြီး ပန်းပေါင်းတရာက ဖြန့်ပါတယ်။ မျက်နှာဖုံးပန်းချီ ပေါ်ဦးသက်ပါ (နောက်မှ မျက်နှာဖုံးကို တင်ပေးပါအုံးမယ်)။

ဟေ၀န်တောင်က ကိုးတောင်ကျား

ဝါးရုံရိပ်၌
အိပ်နေသောကျား၊ ဆိပ်လူးမြားနှင့်
တအားပစ်မည် ရွယ်ချေပြီ။

ငဒုဿီအို၊ သောနုတ္ထိရ်ကား
ကျားကိုပစ်ရန်၊ သူမကြံခဲ့
ဆန္ဒန်ဆင်မင်း၊ မြားနှင့်ခွင်း၍
ထုတ်ချင်းဖောက်ရန် လာသတည်း။

ကျားအိုကြီးကား
အထီးကျန်ကာ၊ ဟေ၀န္တာ၌
မာနနှင့်ကြိမ်း၊ တဟိန်းဟိန်း။

ကျားအိုကြီးကား
မီးလိုဝင်းဝင်း၊ မျက်လုံးတွင်းက
ခြင်းခြင်းတောက်လောင်၊ ငါလိုကောင်ဟု
မာန်စောင်တင်းတင်း၊ တဟင်းဟင်း။

ဟိန်းသံဟင်းသံ၊ တောလုံးညံလည်း
အမှန်မှာကား၊ ကြွက်အလားသို့
စိတ်အားငယ်လျက် ရှိချေပြီ။

ဝါးရုံရိပ်၌
အိပ်သာအိပ်ရ၊ စိတ်မချ။

ဝါးရုံရိပ်၌
ထိပ်လိုက်လန့်လိုက်၊ ထပြေးလိုက်နှင့်
နောက်လိုက်မှာကား၊ သမီးသားနှင့်
မယားမျှသာ၊ သူ့ကမ္ဘာ။

ဝါးရုံရိပ်၌
အရိပ်ကိုပင်၊ ရန်သူထင်လျက်
ရန်သူကိုပင်၊ အရိပ်ထင်လျက်
အမြင်မှုန်ဝါး၊ အထင်မှား။

မြင်လိုက်ဝါးလိုက်၊ ထင်လိုက်မှားလိုက်
တွေ့ရာကိုက်သော်
နောက်လိုက်ကဖဲ၊ ဖဲသူမဲနှင့်
လမ်းခွဲကိုမြင်၊ လမ်းလွဲဝင်သည်
လမ်းစဉ်လည်းပျောက်၊ ချောက်ထဲရောက်။

ချောက်ထဲရောက်လည်း
ဟောက်ချင်ဟိန်းချင်၊ သူ၏ဥာဉ်ကြောင့်
မြင်သမျှကြား၊ ရန်သူလားဟဲ့....
ငယ်သားနောက်လိုက်၊ သူ့ကိုကိုက်ဖို့
အငိုက်ကိုများ၊ ဖမ်းမလားဟဲ့....
ယုံမှားသောစိတ်၊ တထိတ်ထိတ်နှင့်
လိပ်ပြာငယ်လျက်ရှိချေပြီ။

သောနုတ္ထိုရ်ကား
တချုံခိုလျက်၊ တကုန်းတက်စဉ်
သူ့လက်တွင်းဝင်၊ သူ့ခွင်တွင်းရောက်
သူ့အောက်ဝပ်တွား၊ ကိုးတောင်ကျားကို
လက်ယားလျက်ရှိချေပြီ။

ဝါးရုံရိပ်၌
သမီးတကျိပ်၊ သားတကျိပ်နှင့်
အိပ်နေသောကျား၊ ပစ်ခဲ့ငြားက
မယားအိမ်က၊ မျက်နှာရလိမ့်။

ကျားအိုကြီးကား
နီးဝေးအမြင်၊ မကြည်လင်တော့
သူ့တွင် မျက်စိမှုန်ချေပြီ။

ဝါးရုံရိပ်၌
အိပ်မှုန်စုံမွှား၊ ကိုရွှေကျားလည်း
“နွားကိုကိုက်တာ၊ ကျွန်ုပ်ပါဗျ....
ရွာကိုနှောက်မွှေ၊ ကျွန်ုပ်လေဗျ....
လယ်မြေယာထဲ၊ ၀င်၍ဆွဲသည့်
ကျားရဲသမုတ်၊ အကျွန်ုပ်ဗျ....
ခု မဟုတ်ပါ၊ မဟုတ်ပါပြီ
ချမ်းသာပေးပါ့၊ ပေးပါဗျ” ဟု
စိတ်ကစွဲလမ်း၊ ထယောင်ယမ်းစဉ်
ငန်းဖမ်းသောကျား၊ ၀ါးရုံနား၌
မြှားဆိပ်ထိပ်တက်၊ ရန်သူ့လက်တွင်
ပက်လက်လန်၍ လဲသတည်း။

သောနုတ္ထိုရ်ကား
ကျားအိုတကောင်၊ ဟေ၀န်တောင်က
အချောင်ရခဲ့လေသတတ်။

(၁၈-၁-၇၃ မှ ၇-၂-၇၃)

(၂၁ ရာစု ကျားအိုကြီးတွေ ဒီကဗျာကို နားလည်ပါ့မလားမသိ။ ၂၀ရာစု ကျားအိုကြီးတော့ သူ့ကိုရေးလို့ ရေးမှန်းမသိ ဆုံးရှာပြီ။ ခံစားနားလည်နိုင်ကြပါစေ။)

0 comments:

Sunday, March 04, 2007

ခွင့်လွှတ်ပါ

ကျနော် တကိုယ်ကောင်းဆန်ပြီး စာမရေး ဖြစ်တာကြာပြီ။ သိပ်ကိုကြာပြီ။ တမျိုးသားလုံးကောင်းစားရေးအတွက် ဗမာပြည်မှာ၊ နိုင်ငံခြားမှာ လူပေါင်းမြောက်မြားစွာ စွန့်လွှတ်စွန့်စားပြီး လုပ်နေကြချိန်မှာ ကျနော်တယောက် ကိုယ့်ဘ၀အတွက် ပညာရေး၊ ကြီးပွားရေးတွေ လုပ်လို့ ဗမာပြည်ရဲ့ အနာဂတ်ကို ဥပက္ခာပြုထားခဲ့တယ်။

ဆန္ဒပြတဲ့လူတွေပြလည်း ကျနော်အားမပေးနိုင်။ လွတ်ပြန်တော့လည်း ၀မ်းသာမပေးနိုင်။ စင်ကာပူမှာ အခွန်ကိစ္စလုပ်ကြတော့လည်း အကူအညီမပေးနိုင်။ ဟိုတုန်းကလုပ်နိုင်တာတွေ မလုပ်ဖြစ်တော့ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်တယ်။ လုပ်နေကြတဲ့ လူတွေကိုလည်း အားနာတယ်။ သူတို့တွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ရှက်လည်းရှက်ပါရဲ့။

တခုပဲဖြေသာပါတယ်။ ဘာဆိုဘာမှ မလုပ်၊ တိုင်းပြည်ကိုမချစ်၊ လူမျိုးလည်းမချစ်၊ နိုင်ငံခြားမှာနေ၊ မင်းတို့ဘာလုပ်လုပ် ဘာမှ ဖြစ်မှာ မဟုတ်ဘူးဆိုပြီး ဗမာပြည်အရေးကို လုံးလုံးမကူညီ စိတ်မ၀င်စားတဲ့သူတွေထက်တော့ သာပါသေးတယ်လို့။ ၈၈မှာ ချာတိတ်ကျနော် ဆန္ဒပြပွဲ ၀င်နွှဲခဲ့တယ်။ သေနတ်သံတွေကြားပုန်းရှောင်ခဲ့ဖူးတယ်။ ၉၆ ကျောင်းသားလှုပ်ရှားမှုမှာ ပါခဲ့တယ်။ လှံစွပ်တပ် သေနတ်တွေနဲ့ စစ်တပ်ရဲ့ နံပါတ်တုတ်တွေနဲ့ အရိုက်ခံ၊ အဖမ်းခံရဖူးတယ်။ ၉၈မှာ ချခဲ့ပြန်တယ်။ သူငယ်ချင်းတွေ တဖြုတ်ဖြုတ်အဖမ်းခံရချိန်မှာ ညညအိမ်ရှေ့ ကားသံကြားရင် ရင်ခုန်ခဲ့ဖူးတယ်။ ဒါတွေဟာ ကျနော့်အတွက် အတိတ်တွေဖြစ်ခဲ့ပြီ။ လုပ်နိုင်တဲ့လူတွေ လုပ်နေကြချိန်မှာ ကျနော်ဘ၀ကို ပျော်မွေ့လို့ တကိုယ်ကောင်းဆန်နေတတ်ပြီ။

ဒီအပြစ်တွေအတွက် ကျနော် သိတာတွေ၊ ကျနော် ကြုံခဲ့တာတွေ၊ ညီငယ် ညီမငယ်တွေအတွက် ကျနော် ပြောပြမယ်။ ကျနော် လုပ်လို့ရသလောက် လုပ်ပေးနေဦးမယ်။ စွန့်လွှတ်အနစ်နာခံရဲတဲ့ သတ္တိတွေ ကျနော်ပြန်ရတဲ့ အချိန်အထိပေါ့။

ကျနော့်ကို ခွင့်လွှတ်ပါ။

1 comments: