Monday, November 13, 2006

ဖတ်မိတာလေးတွေ (အဆက် - ၂)

အခုထပ်ရေးမှာက နောက်ထပ် ကျနော်တို့ မသိခဲ့တဲ့ သမိုင်းအချက်လေးပါ။ ငယ်ငယ်ကတည်းက သင်လိုက်ရတဲ့ မြန်မာ့သမိုင်း၊ ကိုယ်ကချည်း ယိုးဒယားကို တွယ်လိုက်တာ ကျနော်မှတ်မိသလောက်တော့ ဗမာတွေ အတွယ်ခံရတဲ့ အကြောင်း မသင်ခဲ့ဖူးပေါင်။ စစ်ပဲလေ၊ သူချ ကိုယ်ချ ရှုံးတဲ့ အခါလည်း ရှုံးပေမပေါ့။ မျိုးချစ်စိတ် ရှင်သန်ထက်မြက်အောင်ဆိုပြီး ကိုယ်နိုင်တာချည်း ပြောပြတော့လည်း ဘယ်ဟုတ်ပေမလဲလို့။

၁၅၈၁ ဘုရင့်နောင် ကံကုန်တော့ သားတော် နန္ဒဘုရင် တက်ပါတယ်။ ၁၅၆၉ ကတည်းက ဗမာလက်အောက် မင်းမှုထမ်းနေတဲ့ ယိုးဒယားမင်းသား နရဲစွမ်း က ၁၅၈၄ မှာပုန်ကန်တော့တာပါ။ သူက မိုးကောင်း ခြားနားတုန်းက အိမ်ရှေ့စံ မင်းကြီးစွာ ရယ်၊ နတ်ရှင်နောင် ရယ်နဲ့ တွဲပြီး တိုက်ခဲ့ဖူးပါတယ်။ သူ့တပ်ကြောင့် မိုးကောင်းကို အောင်နိုင်တယ်လို့ဆိုပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ချကြပြန်တယ်ပေါ့ဗျာ။ ဗမာဘုရင်တွေထဲမှာ နန္ဒဘုရင်ကတော့ အခြာဆုံးပေါ့။ ၁၅၈၄၊ ၁၅၈၅၊ ၁၅၈၆၊ ၁၅၉၀ နဲ့ ၁၅၉၂ စုစုပေါင်း ၅ခေါက် တီးတာ တခါမှ မနိုင်တဲ့အပြင် နောက်ဆုံးတခေါက်မှာ သားတော် ဥပရာဇာပါ ကျပါရော။ နှစ်ယောက်သား duel ဆွဲကြတာမှာပါ။ တတိယ တခေါက် နန္ဒဘုရင်ကိုယ်တိုင် ဆင်းတိုက်တဲ့ တခေါက်ပဲ အယုဒ္ဓယကို ၀ိုင်းနိုင်ပါတယ်။ ၇ လ ၀ိုင်းပြီးတော့ပြန်ရတာပါ။ ကျန်တဲ့ လေးခေါက်က ဥပရာဇာ တိုက်တာပါ။ ဒါတင်လား ဆိုတော့ မဟုတ်ပြန်ဘူး။ ၁၅၉၂ စစ်မှာ နရဲစွမ်းက လိုက်တီးတာ ထားဝယ်၊ မြိတ်၊ တနင်္သာရီ အကုန်ကုန်ပြီး ပဲခူးနဲ့ တောင်ငူပါ အ၀ိုင်းခံရ သတဲ့။ ကျနော်တို့သိတဲ့ သမိန်ဥပါကောင်း ကျတာ တနင်္သာရီပွဲမှာပေါ့။

နရဲစွမ်းကို လေးစားစရာ တခုရှိပါတယ်။ သူဟာ ဗမာကို ပုန်ကန်ချိန်မှာ မင်းသားပါ၊ ဘုရင်အရာကို သူ့အဖေ မဟာဓမ္မရာဇာကိုပဲ ပေးထားတာပါ။ ဒါပေမယ့် စစ်တပ်က သူ့တပ်ပါ။ သူသာ တခြား ဘုရင်တွေလို အာဏာ မက်မောခဲ့ရင် အချိန်မရွေး သူ့အဖေကို ဖယ်ရှားနိုင်ပါတယ်။ သား ကို အဖေသတ်၊ အဖေကို သားသတ်တွေ ဗမာ ရာဇ၀င်ရော၊ ယိုးဒယား ရာဇ၀င်မှာပါ ဒုနဲ့ဒေးပါ။ သူ မလုပ်ခဲ့ပါဘူး။ ၁၅၉၀ သူ့အဖေ ဆုံးမှ နန်းတက်ပါတယ်။ ဒါတွေ ကြောင့်လည်း ယိုးဒယားတွေဟာ နရဲစွမ်းကို ချစ်မြတ်နိုး ကြပုံပါ။ ဗမာကို အောင်နိုင်တာလည်း ပါပေမပေါ့။
အာဏာဆိုတာ ယူသင့်တဲ့ အချိန်မှ ယူရပါတယ်။ အဲလိုမှ လူချစ်ပါတယ်။ အတင်းလု မယူရပါဘူးခင်ဗျာ။ မှတ်သားကြပါအုံး။

အဲဒီနောက်တော့ တချိန်က ဗမာပိုင် ချင်းမိုင်၊ ရှမ်းနယ်မြေတော်တော်များများ၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီ တွေအားလုံး ယိုးဒယားအောက် ရောက်သွားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပဲခူးနဲ့ တောင်ငူ ကပါ နှစ်စဉ် ပဏ္ဏာဆက်ရပါသတဲ့။ ၁၆၀၄ အင်းဝ ကောင်းစားမှ ရှမ်းနယ်မြေတွေ ပြန်သိမ်းနိုင်ပါတယ်။ ဒါတောင် နရဲစွမ်းက ပြန်တိုက်တာမှာ ဗမာ့နယ်မြေထဲမှာ ရောဂါနဲ့ဆုံးလို့ စစ်ရပ်သွားတာပါတဲ့။

၁၆၁၀ ကနေ ၁၆၂၈ အတွင်းမှာတော့ ချင်းမိုင်အပါအ၀င် အကုန် ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်တဲ့။ အဲ ၁၆၅၈ - ၁၆၆၈ အတွင်း ယိုးဒယားဘုရင် Narai လက်ထက်မှာတော့ ချင်းမိုင်ဟာ အကြိမ်ပေါင်းများစွာ ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက် ဖြစ်ရာကနေ တရုတ်တွေ ရှမ်းပြည်ကို ၀င်တိုက်စဉ်ကာလပိုင်းမှာ ဗမာ လက်အောက်ခံ ချင်းမိုင်ဟာ တရုတ်ရန်ကြောက်လို့ အယုဒ္ဓယကို စစ်ရေး အကူအညီပေးဖို့ တောင်းဆိုပါသတဲ့။ အဲလိုကနေ စလိုက်တဲ့စစ်မှာ တရုတ်ကို တိုက်ထုတ်လိုက်တဲ့ ဗမာဟာ ယိုးဒယားကို အောက်ဗမာပြည်၊ ချင်းမိုင်၊ ရန်ကုန်၊ ပဲခူး၊ တောင်ငူ ဆုံးပြီး အင်းဝ အ၀ိုင်းခံရ ပါတယ်။ ဘယ်အချိန်မှာ ဘယ်လို ယိုးဒယားအောက်က ပြန်လွတ်လာလည်းတော့ သမိုင်းအထောက်အထား မရှိလို့ မသိတော့ပါ။

ဒါတွေသိတော့ ဘာဖြစ်သလဲဆိုတော့ မတုံးဘူးပေါ့နော်။ ငါတို့က ဒင်းတို့ကို ငယ်နိုင်ဆိုပြီး အလကားနေ ဘ၀င် လေဟပ်မနေတော့ဘူးပေါ့။ အတုံ့အလှည့် ဆိုတာရှိပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ အမြဲ နိုင်မနေပါဘူး။ အလှည့်ကျရင် ခံရပါလိမ့်မယ်။ သံဝေဂလေးတွေ ယူတတ်ရင် ယူကြပါနော့။

2 comments:

boedawgyi said...

ကျနော်ကတော့အကို့ကိုဆက်ပြီးဖတ်မိသလောက်အခန်းဆက်
ရေးစေချင်တယ်။ဖြစ်နိုင်ရင်ခေတ်သစ်ဗမာသမိုင်း(လွတ်လပ်ရေး
ရပြီးခေတ်ပေါ့လေ)ကိုပါပြောပြစေချင်ပါတယ်။ဘာလို့လဲဆိုတော့
ကျနော့်တော့မျိုးဆက်ပေါင်းမျာစွာပေါ့၊အလွတ်ကျက်ခဲ့သမျှဟာ
ဖြတ်ညှပ်ကပ်အင်သမိုင်းကြီးမှန်းသိခဲ့တဲ့အချိန်ကစပြီးကိုယ့်သမိုင်း
ကိုယ်မသိတဲ့ငနုံတစ်ယောက်ဆိုပြီးစိတ်ဓာတ်ကျမိတယ်။

generation96 said...

ဘိုးတော်ရေ အားပေးတဲ့အတွက် ကျေးဇူးဗျာ။ ဖတ်မိသလောက်တော့ ရေးဖြစ်မှာပါ။ ဒီအပတ် အတွင်းတော့ သိပ်အချိန်ပေးနိုင်မယ် မထင်၊ စောင့်ပြီးအားပေးပေါ့ဗျာ။ ခေတ်သစ် သမိုင်းလည်း သိရင်မြင်ရင် ဝေဖန်ကြတာပေါ့။ ကျနော်တို့က ပါရဂူတွေ မဟုတ်တော့လည်း ခက်သား။