Saturday, November 11, 2006

ဖတ်မိတာလေးတွေ (အဆက်)

မထူးပါဘူး။ လက်ချာ နည်းနည်းထပ်ရိုက်လိုက်ပါတော့မယ် ပြောလက်စနဲ့။ ၁၅၃၈ မှာ ယိုးဒယားပိုင် အတ္တရန်ဆိုတဲ့ မြို့ကို တပင်ရွှေထီး သိမ်းရာကနေ စလိုက်တဲ့ နောင်ဂျိန်ဟာ ၁၈၀၉ ဗမာတွေ ဖူးခတ် ကိုသိမ်းတဲ့ အထိ ကြာပါသတဲ့။ အဲ အကြီးအကျယ် ကျွေးကြတာကတော့ ဒုတိယစစ် ၁၅၄၈ ကျမှပါ။ တပင်ရွှေထီးပါပဲ။ ဘာကြောင့်တိုက်တယ်ဆိုတဲ့ ဆင်ခြေ မရှိပါဘူး။ အယုဒ္ဓယကို ၀ိုင်းတယ်။ မသိမ်းနိုင်ပါဘူး။ အဲ မြို့ပြင် ထွက်တိုက်တဲ့ ဘုရင့်သားတော်နှစ်ပါးကိုတော့ ဖမ်းလိုက်နိုင်ပါတယ်။ ဆင်ဖြူနှစ်ကောင်နဲ့ သားနှစ်ပါး လဲပြီးပြန်လာတယ်ဆိုပါတယ်။

တတိယစစ်မှာ ဆင်ခြေပါပါတယ်။ ဒုတိယစစ်နဲ့ မရှေးမနှောင်းပေါ့။ ဒီတခါ ဘုရင့်နောင် အလှည့်ပါ။ ဆင်ခြေက ဒီလို။ ဆင်ဖြူတော် တောင်းတာကို မပေးလို့ ဆို ပြီး ဆော်တာပါ။ ဖြစ်ချင်တော့ ယိုးဒယားဘုရင် မဟာချတ်ကရာပတ်က ဆင်ဖမ်းကောင်းပြီး ခုနစ်ကောင်တောင် မိတာကိုး။ ဒီကိစ္စကို သူတို့ကတော့ ဘွင်းဘွင်းပဲ ကံမကောင်းကြောင်း ရေးပါတယ်။

“The possession of so many white elephants instead of bringing him good luck as forestalled by old traditional beliefs, it brought him sorrow and grief. The king of Burma saw in this an opportunity to ask for the white elephants at the refusal of which, he could simply attack Ayudhya with a clear conscience.”
M.L. Manich Jumsai: Popular history of Thailand, p. 157.

အင်း … ဆင်ဖြူတိုင်းလည်း ဘုန်းကြီးလို့ ကံမကောင်းဘူးတဲ့။ ဆင်မဖြူပဲ ညိုနေရင် သာဆိုးတာပေါ့။ မှတ်သားကြပါပေါ့။

ဒီလိုနဲ့ ချကြရော ဆိုပါတော့။ ထုံးစံအတိုင်း အယုဒ္ဓယကို ၀ိုင်းပေါ့။ ဒီတခါတော့ ကျနော်တို့ဘုရင်က ဆင်နဲ့တင် မရတော့ဘူး။ ဆင်ဖြူ ၄ ကောင်အပြင် မင်းသားနှစ်ပါးပါ ပြန်ပေးဆွဲလာတယ်။ G.E. Harvey ရေးတဲ့ “History of Burma” ဗမာရာဇ၀င်မှာတော့ အယုဒ္ဓယကို သိမ်းမိပြီး ကြေးသွန်းရုပ်တုတွေ၊ ဆင်တွေ၊ ပြဇာတ် မင်းသား မင်းသမီးတွေ၊ ဘုရင့်သမီးတော်တွေ၊ လှည်းလိုက် လှည်းလိုက် စိန်ရွှေရတနာတွေ ပဲခူးကို ယူလာတယ်ဆိုပဲ။

စတုတ္ထစစ်က ယိုးဒယားသစ္စာခံ Pitsuloke အပိုင်စား မဟာဓမ္မရာဇာ က လာအိုကို ယိုးဒယားမင်းသမီးပို့မယ်ဆိုတာ ဘုရင့်နောင်ကို အတို့အထောင်လုပ်ရာက စပါတယ်။ ဒါမျိုးဆို တို့ဗမာ အကြိုက်ပေါ့။ တို့ဘုရင်က ယိုးဒယားမင်းသမီးကို လာအိုအသွား တောလားမှာ ဖြတ်သုတ်ရာက ချလိုက်ကျတာ ၁၅၆၉ မှာ အယုဒ္ဓယ ဗမာလက်အောက် လုံးလုံးရောက်မှ ပွဲပြီးပါတယ်။ အောင်နိုင်သူကတော့ မီးမွှေးတဲ့ မဟာဓမ္မရာဇာပါ။ သူ့ကို အယုဒ္ဓယ ဘုရင်ခန့်ခဲ့တာကိုး။

နောက်ဆုံးတော့ ဟိုဘက် ဒီဘက် ခုန်ခုန်ကူးတဲ့ သူတွေပဲ ကောင်းစားတာကိုး။ မှတ်ရပြန်ပြီ နောက်တချက်။

ဆင်ဖြူရှင် ဘုရင့်နောင်ကြီး အယုဒ္ဓယကို လုပ်ကြံပုံ ပြောပါရစေအုံး။ နှစ်ဖက် တိုက်နေတုန်းမှာပဲ မဟာချတ်ကရတ်ပတ် ဆုံးပြီး Mahintaratirat နန်းတက်တယ်တဲ့။ စစ်ကတော့ ဆက်ဖြစ်တယ်ပေါ့။ စစ်ကို ဗိုလ်ချုပ် Phya Ram ကဦးစီးပြီး ဆက်တိုက်ပါတယ်။ ဒီမှာ ဘုရင့်နောင်က စစ်ဟာ မဟာချတ်ကရတ်ပတ်ကြောင့် ဖြစ်ရတယ်၊ သူဆုံးတော့ Phya Ram ကဆက်ပြီး ဗမာကိုဆန့်ကျင်နေတယ်။ တကယ်လို့ Phya Ram ကိုသာ အပ်မယ်ဆိုရင် သူ စိတ်ပူစရာ မရှိတော့ဘူး။ တပ်ကို ရုတ်ပြီး ပြန်မယ်လို့ ကမ်းလှမ်းသတဲ့။ ယိုးဒယားဘုရင်လည်း ယုံစားပြီး သူ့ဗိုလ်ချုပ်ကို ဘုရင့်နောင်လက် ထိုးအပ်လိုက်ပါရော။ ပွဲက မပြီးဘူးဗျ။ ဗိုလ်ချုပ်ကို ပျော်ပျော်ကြီးဖမ်းလည်းပြီးရော ဘုရင့်နောင်က ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် ဘုရင်နဲ့ နန်းတွင်း အဆင့်မြင့် ၀န်ကြီးတွေ သူနဲ့ ထွက်တွေ့ရမယ်လို့ လုပ်လာပါတယ်။ အခုမှတော့ ဘယ်ယုံတော့မလဲကွယ်။ ပြောရင် ရှည်ပါတယ်။ ဆက်ချကြတော့ ဗမာနိုင်သည်ပေါ့။

ဒီမှာ ပြောစရာလေးက သူ့ဗိုလ်ချုပ်ကို လိမ်ဖမ်းတာပါ။ ဘုရင်ကိုယ်တိုင်က လုပ်တာဆိုတော့ အတော် ကြည့်မကောင်းဘူးပေါ့။ ၁၆ ရာစုကတည်းက ဒီလို လိမ်တတ်တဲ့ လူကြီးလူကောင်း မပီသတဲ့ ကျနော်တို့ အာဏာရှင်တွေဟာ ၂၁ ရာစုရောက်လည်း ဒီအချိုးပါပဲလား။ ဆွေးနွေးဖို့ ဆိုပြီး ခေါ်သွားတာ နောက်ဆုံးတော့ အကြမ်းဖက်ရန် ကြံစည်မှုနဲ့ ဖမ်းမတဲ့။ မညစ်ပတ်ကြပါနဲ့ဗျာ။

4 comments:

boedawgyi said...

လက်ချာဆက်ရိုက်ပါဗျို့

Anonymous said...

Hote pa byar. I see the histroy in that way too.

သက်စံ said...

စနေ တနင်္ဂနွေက ပန်းကန်ဆေးနေရလို့ အခုမှဖတ်ရတယ်။ ဗဟုသုတရတယ်အစ်ကိုရေ...
အေးဗျာ… ယိုးဒယားတွေ ဆင်ဖြူမိလို့ ဒုက္ခရောက်ကုန်တာပေါ့နော်။

generation96 said...

အင်း…ဗမာတွေလည်း ဒုက္ခရောက်တဲ့ အထဲ ပါတာပါပဲဗျာ။ စစ်နိုင်ပေမယ့် သေလိုက်ကြတာ သောက်သောက်လည်း။ ဒီ ဘာမဟုတ်တဲ့ မျိုးဗီဇ ဖောက်ပြန်နေတဲ့၊ ဒါမှမဟုတ် ရောဂါဖြစ်နေတဲ့ ပုံမှန်မဟုတ် မမည်းပဲ ဖြူနေတဲ့ ဆင်တွေအတွက် လူတွေ သေပေးရတာ အဓိပ္ပာယ်ကို မရှိဘူး။ ကျနော့် အတွေးပါ။ သူများတွေတော့ ဘယ်လိုမြင်မယ်မသိဘူး။