Thursday, November 30, 2006

ကြောက်နေတဲ့ သူတွေ

မနေ့က အသက် ၉၁နှစ် ပြည့်တဲ့ စာရေးဆရာမကြီး အမေ လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲ (တကယ်တော့ ဂါရ၀ပြုပွဲ ပါပဲ) ကို အနှစ် ၂၀ တိုင် ကျင်းပနေကျ တောင်လေးလုံး ကျောင်းတိုက်မှာ ပြုလုပ်ခွင့်မရလို့ မန္တလေး အမေ့ သမီးအိမ်မှာ ကျင်းပခဲ့ပါတယ်။

အသက်၉၀ အရွယ် အဘွားကြီး (အသုံးအနှုန်းအတွက် ခွင့်လွှတ်ပါအမေ) တယောက်ရဲ့ မွေးနေ့ကို ပေးမလုပ်ရဲလောက်အောင် ဘာတွေကို ကြောက်နေပါလိမ့်။

ဒါနဲ့ပဲ ၁၉၉၆ ထုတ် ရာစုသစ် မြစ်ကျဉ်း -၄ ထဲက နောက်ထပ် ကဗျာတပုဒ် လက်ဆောင်ပေးဖို့ စိတ်ကူးပေါက်လာပါတယ်။ အမြီးကုတ်နေသူတွေ အတွက်ပါ။

ပုံပြင်သစ်

ဟိုတုန်းက
ခြင်္သေ့
မာန်အပြည့်နဲ့။
မော်ဒန် ခြင်္သေ့
အသွင်ပြောင်း
မူဟောင်းကို ပယ်မတဲ့။
ခေတ်သစ် မျိုးရိုးဗေဒနဲ့တွက်
အဖြေ ထွက်မလာသေးဘူး
ဘာကြောင့်လဲ ငါမသိ
အဖြေ ရှာကြည့်ဆဲ။
ရာဇ၀င်မှာ ငါတွေ့တာ
ဒီခြင်္သေ့ မဟုတ်ဘူးဟေ့
ဟောက်နေရပေမယ့်
ကြောက်နေရသတဲ့လေ။
ဟန်ဆောင် ဟန်ထုတ်ပေမယ့်
အမြီး ကုတ်နေတယ်။

ကိုတူး

0 comments: