Sunday, December 31, 2006

ဗူးသီးငါးပေါင်း မန္တလာ

ဦးကောင်းလိမ်ထုတ်

မင်းဆက် ပြုတ်ခဲ့ရသတဲ့

ဟုတ်ကဲ့

ထောက်ခံတဲ့အလုပ်

ငြင်းဆန်တဲ့အလုပ်

ကျွန်ုပ်တာဝန် မဟုတ်ပါ။


မင်းတုန်းမင်းရဲ့ ရတနာပုံ

ကမ္ဘာကုန်ကျော်တဲ့ မန္တလေး

ဘုံကျော်ဆရာတော် မကြိုက်တဲ့ မန္တလေး

ဘုရား လက်ညှိုးထိုးတဲ့ မန္တလေး

ဦးရာမကို ဗန်းမော်ပို့တဲ့ မန္တလေး

မင်းသွေးတို့ မြေခတဲ့ မန္တလေး

မြို့မငြိမ်း အခြေမလှခဲ့တဲ့ မန္တလေး

“အောင်ကျော်ချမ်းအေး မန္တလေး” တဲ့

ချမ်းအေးရဲ့ မချမ်းအေးရဲ့ ဆိုတာ

အောင်ကျော်နဲ့ တွေ့မှ မေးကြည့်ပါ…။


ဗမာစာသည် တို့စာ

ဗမာစကားသည် တို့စကား

တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံများ

အရုပ်စာတွေကြားမှာ ရွဲ့စောင်း

(ဦးကောင်း)ရေ

ခင်ဗျား လိမ်ထုတ်ထုတ်၊ မထုတ်ထုတ်

……………………………………………..

(ဟုတ်ကဲ့)

ထောက်ခံငြင်းဆန်တဲ့အလုပ်

ကဗျာဆရာ ဘယ်နဲ့လုပ်သိပါ့မလဲ။

လူသစ်ထက်


၁၉၉၆ ထုတ် ရာစုသစ် မြစ်ကျဉ်း ၊၄၊ မှ ကဗျာပါပဲ။ ကဗျာစာမျက်နှာမှာ မီးပွုင့်ပုံလေးနဲ့ စက္ကန့်အချိန်ပြနံပါတ်ကို တရုတ်စာနဲ့ ထိုးထားပါတယ်။ scanner မရှိလို့ ခံစားလို့ ရအောင် ပြောပြတာပါ။ နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။

အားလုံးပဲ ပျော်ရွှင်ဖွယ် ၂၀၀၇ ဖြစ်ပါစေ။

0 comments:

Friday, December 29, 2006

ပုဂံမှ ညစာစားပွဲများ

အပေါ်က သတင်းကို ဖတ်ပါ။ ပြီးရင် စဉ်းစားပါ။ အနော်ရထာကြီးသာ ဒီသတင်းဖတ်မိရင် ဘယ်လိုနေမလဲလို့။ သြော် သူ့ခမျာ ပုဂံပြည်ကြီး ဗုဒ္ဓဘာသာထွန်းကားဖို့ ကြိုးစားလိုက်ရတာ။ သီဟိုဋ္ဌ်ကနေတောင် ဆင်းတုတွေပင့်၊ ပိဋကတ်တွေပင့်၊ ဘုရားတွေတည်။ အခုတော့ သူအမြတ်တနိုး ဖူးမြော်ခဲ့ဖူးမဲ့ ဘုရားတွေပေါ် ညစာစားပွဲတွေလုပ်ပြီး ပိုက်ဆံရှာနေကြသတဲ့။

ပထမဆုံးအချက်။ သတင်းထဲမှာ ရေးထားသလိုပဲ ဒါဟာ သင့်တော်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ညစာစားပွဲကျင်းပနေတဲ့ ဘုရားနဲ့ အဲဒီဘုရားကို တည်ခဲ့တဲ့ လူကို မလေးစားရာ ရောက်ပါတယ်။ ဘယ်သူကမှ ညစာစားပွဲလုပ်ပြီး ပိုက်ဆံရှာဖို့ဆိုပြီး ဘုရားတည်မှာ မဟုတ်ပါဘူး။ ကိုယ်တည်တဲ့ဘုရား သူများက ဒါမျိုးလာလုပ်ရင် ဘယ်လိုနေမတုန်း။ စဉ်းစားကြပါ။ ကိုယ်ချင်းစာကြပါ။

ဒုတိယအချက်။ ထမင်းစားပြီ ဆိုမှတော့ ဖိတ်တာ စင်တာ ရှိမှာပါပဲ။ အဲဒီ အဖိတ်အစင်တွေဟာ သူတို့နဲ့ ဆိုင်ရာ ဆိုင်ရာ ပိုးမွှားတွေကို ဖိတ်ခေါ်ပါလိမ့်မယ်။ နှစ်ပေါင်း ၉၀၀ကျော် သက်တမ်းရှိတဲ့ ဒီဘုရားတွေဟာ ရာသီဥတုဒဏ်ကို ခံနိုင်တာတောင်လွန်လှပါပြီ။ ပိုးမွှားဒဏ်ပါ ထည့်ပေါင်းလိုက်ရင် နောင် ဘယ်လိုမှ ကြာကြာခံဖွယ်မရှိပါ။ ဒီစားကြွင်းစားကျန်တွေဟာ အနံ့အသက်ဆိုးတွေလည်း ပေးပါမယ်။ ဘုရားဖူးဧည့်သည်တွေအတွက် ဘယ်လိုမှ ကောင်းမွန်တဲ့ အတွေ့အကြုံပေးမယ်မဟုတ်ပါ။

ကိုယ်ဒေါ်လာရဖို့လေးနဲ့တော့ အနော်ရထာနဲ့ သူချစ်တဲ့ ပုဂံသားတို့ရဲ့ ကောင်းမှုတွေကို မဖျက်ဆီးကြပါနဲ့လို့။

0 comments:

Monday, December 25, 2006

Happy Holidays

Christmas is coming, New Year is approaching. Regardless of race, religion, and belief, people are enjoying holidays.

But there are those who couldn’t enjoy the holidays. But there are those who wouldn’t even know what the holidays mean. But there are those who would so yearn to enjoy the holidays with the love ones.

May the world be fair…..or may we be able to make the world fair.

Happy Holidays Everyone!

1 comments:

Saturday, December 23, 2006

၈၈ ဗမာပြည်၊ ခေါင်းဖြတ်ခြင်း၊ စက်ရုံဖောက်ခြင်း

It is rather strange. I noticed I lost this post,which I posted yesterday, when I put a new one..

အခုတလော နအဖ ဘက်သားတွေ ၈၈မှာ ခေါင်းဖြတ်တာ၊ စက်ရုံဖောက်တာတွေပဲ ပြောပြောပြီး လိုက်ဆဲနေတာတွေ့နေရတယ်။ သူတို့တွေကို အာဏာသိမ်းပြီးကာစက ပြတဲ့ ‘လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်’ နဲ့များ brain wash လုပ်ထားသလားလို့တောင် တွေးမိတယ်။ ဘာကြောင့် ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သေချာမသိတော့ ကျနော်တို့ ညီငယ် ညီမငယ်တွေ တချို့လည်း ပြန်မချေပနိုင်ဘူးပေါ့။

၈၈ မှာ ခေါင်းဖြတ်ကြပါတယ်။ ဒါငြင်းလို့မရပါဘူး။ ဘယ်နှစ်ယောက် အဖြတ်ခံရတယ်တော့ ကျနော်လည်း မသိပါ။ အဲဒီတုန်းက ဖတ်မိသလောက်ဆိုရင်တော့ ၁၀၀ တောင်ပြည့်မယ် မထင်ပါ။ ကျနော့်အထင် ၃၀ ကနေ ၅၀ လောက်တော့ ရှိနိုင်ပါတယ်။ ထားတော့။ ခေါင်းဖြတ်မှုတွေ မဖြစ်ခင်မှာ ကျနော်တို့ ပြည်သူတွေရဲ့ ဒေါသဟာ တားမနိုင်ဆီးမရ ဖြစ်နေပါပြီ။ စားဝတ်နေရေး သိပ်ကို ကြပ်တည်းပြီး စစ်တပ်ရဲ့ သတ်ဖြတ်မှုလည်း မရေမတွက်နိုင် ခံရပြီးပြီ။
ပစ်ခတ်မှုတွေရပ်ထားတဲ့ အဲဒီအချိန်၊ ဆန္ဒပြတွဲ နေ့စဉ်ရက်ဆက်ဖြစ်နေချိန်မှာ မဆလဟာ ရာဇ၀င်လူဆိုးတွေအပါအ၀င် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်ပါတယ်။ တနည်းအားဖြင့် ထောင်ခါလိုက်ပါတယ်။

ဆန္ဒပြသမားတွေဟာ အဲဒီတုန်းက ရန်ကုန်မြို့နယ်တော်တော်များများမှာ ရှိတဲ့ လမ်းဘေး သောက်ရေအိုးစင်လေးတွေကို အားကိုးနေရတာပါ။ ၈၈ ဗမာပြည်မှာ ရေသန့်ဘူး မရှိပါဘူး။ ထောင်ခါပြီး ရက်ပိုင်းအတွင်းမှာပဲ(နောက်တရက်လို့ ထင်ပါတယ်၊ သေချာ မမှတ်မိပါ) ပြည်သူတွေ အဆိပ်မိမှုတွေ စကြားရပါတယ်။ အဓိကခံရတာတော့ ဆန္ဒပြသူတွေပေါ့။ အဆိပ်ခတ်တဲ့ လူတွေကိုလည်း မိကြပါတယ်။ အစိုးရ ယန္တရားကြီး ရပ်နေချိန်မှာ ဒီလူသတ်သမားတွေကို ဒေါသဟုန်းဟုန်းထနေတဲ့ ပြည်သူတွေက အရေးယူခဲ့တာမှာ ခေါင်းဖြတ်တာတွေ စတာပါ။ ကောင်းသလားဆိုတော့ မကောင်းပါဘူး။ သိပ်ကြမ်းတမ်းပါတယ်။ ဒါပေမယ့် ခံရတဲ့လူတွေအတွက်တော့ အသက်ပေါင်းများစွာကို လူမဆန်စွာ သတ်ရဲတဲ့ လူအတွက် ထိုက်သင့်တဲ့ ရက်စက်တဲ့ သေဒဏ်ပါ။ အပြစ်မရှိပဲ သူများချောက်တွန်းလို့ အသတ်ခံလိုက်ရတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ အပြစ်ရှိရဲ့သားနဲ့ ဘုန်းကြီးတွေကယ်လို့၊ ကျောင်းသားတွေ ကယ်လို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ ကယ်လို့ မသေခဲ့ကြတဲ့ သူတွေလည်း အများကြီးပါ။ စိတ်ထင်တိုင်းသာ သတ်ခွင့်ရခဲ့ရင် အတော်များပါလိမ့်မယ်။ ထပ်ပြောစရာရှိပါတယ်။ ပြည်သူကို ရက်ရက်စက်စက် ပစ်သတ်ရက်တဲ့ စစ်တပ်ဟာ ဘယ်ခေါင်းဖြတ်ပွဲကိုမှ တားဖို့ မကြိုးစားခဲ့ပါဘူး။ ဒါဟာ သက်သေဖြောက်ပစ်တာပါ။ သူတို့ ခိုင်းတာ မပေါ်အောင် ပေးသေခဲ့တာပါ။

တရက် မြို့နယ်တခုမှာ အဆိတ်ခပ်တဲ့လူ မိပါတယ်။ ခေါင်းဖြတ်တော့မယ်ဆိုတာသိတဲ့ လူကြီးတွေက အချိန်မှီလိုက်ပြီး တားဆီးနိုင်ပါတယ်။ ပြီးတော့ အဆိတ်ခပ်သူကို စစ်မေးတယ်။ မင်းအဆိတ်ခပ်သလားပေါ့။ သူက သူခပ်တာ အဆိတ်မဟုတ်ကြောင်း၊ သူ့ကိုလည်း ဆေးတိုက်လို့ သောက်လာကြောင်း၊ ဒီရေကိုလည်း သောက်လို့ သေမှာ မဟုတ်ကြောင်း ပြန်ပြောသတဲ့။ ဒါနဲ့ မင်းသောက်ရဲလားဆိုတော့ သောက်ပြလိုက်တာ ဆေးရုံအထိတောင် မခံရှာဘူးတဲ့။ ဆရာဝန်တွေရဲ့ အဆိုအရတော့ ဒီအဆိတ်ခပ်သမားတွေဟာ သိပ်ပြင်းတဲ့ စိတ်ကြွဆေးတွေ အတိုက်ခံထားရပါတယ်တဲ့။ ဒါ မှန်လိမ့်မယ်ဆိုတာ လှိုင်းကြီးလေထန် ထဲမှာ ပြတဲ့ ခေါင်းအဖြတ်ခံရတဲ့ မိန်းမကို ပြန်ကြည့်ပါ။ လည်ပင်းပေါ် တချက်ပြီးတချက် ကျနေတဲ့ ဓားအောက်မှာ သူ့မျက်နှာဟာ လုံးဝ နာကျင်ဟန် မရှိပါ။ အော်လည်း မအော်ပါ။ ခုတ်နေတဲ့ လူကိုတောင် နောက်ဆုံးအချိန်ထိ ခြေနဲ့ လှမ်းလှမ်း ကန်နိုင်ခဲ့ပါတယ်။ သာမာန်လူတယောက် လည်ပင်းကို ဓားနဲ့ ခုတ်ရင် မအော်ပဲ မနာပဲ နေပါ့မလား။

ခေါင်းဖြတ်ခဲ့တဲ့ လူတွေ ဟာလည်း လူစိတ်မဲ့လို့ မဟုတ်ပါဘူး။ လူစိတ်ရှိလွန်းအားကြီးလို့ ဖြစ်သွားတာပါ။ ကျနော့် သူငယ်ချင်းတယောက် သူ့အမ အကြောင်း ပြောပြဖူးပါတယ်။ အဲဒီ အမရဲ့ အကိုဟာ ဆန္ဒပြရင်းနဲ့ အဆိတ်မိပြီး ဆုံးသွားပါတယ်။ ဖြစ်ချင်တော့ အဆိတ်ခတ်တဲ့ လူကိုမိပါတယ်။ ကျနော်ပြောတဲ့ အမဟာ အဲဒီ အဆိတ်ခပ်တဲ့ လူကို သတ်မယ့်လူရှိသလားဆိုတော့ ငိုယိုပြီး ကိုယ်တိုင် ၀င်သတ်ခဲ့တယ်တဲ့။ သူ့အကို အတွက် စိတ်ထိခိုက်ပြီး ဖြစ်သွားတာပါ။ အင်မတန် နူးညံ့တဲ့ ဗမာမိန်းကလေး တယောက်ကို ခေါင်းဖြတ်ရဲလောက်အောင် စိတ်ထိခိုက်စေနိုင်ရင် ယောက်ျားတွေဆို ပြောစရာ မလိုဘူးပေါ့ဗျာ။ အဲဒီ အမဟာ အဖြစ်အပျက်နှစ်ခုပေါင်းပြီး ရူးသွားရှာပါတယ်။

ကျနော် ဒါတွေ ပြောပြနေတာ ခေါင်းဖြတ်တာကို အားပေးတာ မဟုတ်ပါ။ ဒီအဖြစ်အပျက်တွေဟာ မဆလ(စစ်တပ်)ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေလို့ သိစေချင်တာ၊ အခြေအနေ တခုမှာ လူတွေဟာ ဒေါသအလျောက်တော့ လုပ်မိတတ်တယ်ဆိုတာကို သိစေချင်တာပါ။ ကျနော် ပြောခဲ့သလိုပဲ ဒါဟာ ကြမ်းတမ်းပါတယ်၊ ဒါပေမယ့် လုပ်တဲ့သူတွေကိုလည်း လုံးလုံး အပြစ်ပြောဖို့ မသင့်ဘူးဆိုတာပါ။ ဘာပဲဖြစ်ဖြစ် စစ်တပ်က ပစ်သတ်တာထက် စာရင် အရေအတွက်ဟာ ပြောတောင်မပြောပလောက်ပါဘူး။ မှားယွင်း အသတ်ခံရသူတွေ အတွက်တော့ (ရှိခဲ့ရင်) စိတ်မကောင်းပါဘူး။

စက်ရုံတွေ ဖောက်တာ။ ဒါလည်း စစ်တပ်ရဲ့ အကွက်ဆင် လုပ်ကြံမှုပါပဲ။ အုပ်ချုပ်ရေး ယန္တရားကြီး ရပ်နေပေမယ့် ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ကျောင်းသားတွေ၊ ရပ်မိရပ်ဖတွေ ပေါင်းပြီး ကင်းတဲတွေချ၊ လုံခြုံရေးတာဝန်တွေခွဲလို့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် စောင့်ရှောက်ခဲ့တာပါ။ ဒီအချိန်မှာ ရိက္ခာပြတ်နေတဲ့ စစ်တပ်ဟာ ဂိုဒေါင်တွေကို စဖောက်ပါတယ်။ သကြားတွေ၊ ဆားတွေ၊ စားရေရိက္ခာတွေ ထုတ်သယ်ပါတယ်။ စစ်တပ်ထွက်သွားမှ ကျန်တာတွေကို ပြည်သူတွေ ၀င်သယ်တာပါ။ နောက်ပိုင်းမှာ စစ်တပ်ဟာ အစပိုင်းလုပ်ပြပြီး လူတွေအ၀င်ကိုစောင့် ပစ်ခတ်တာတွေ လုပ်လာပါတယ်။ မှတ်တမ်းလည်း တင်တဲ့နေရာတင်တယ်ပေါ့။ ဒါပေမယ့် တော်တော်များများနေရာမှာ တော့ ပစ်တာတွေပါမှာစိုးလို့ မှတ်တမ်းမရိုက်ပါဘူး။ လူတွေကလည်း စစ်တပ်ထွက်ပြီးပြီးချင်းပဲ ၀ရုန်းသုန်းကား သယ်ရဲတော့တာပါ။ ကြာကြာနေရင် အပစ်ခံရမယ်ဆိုတာ သိလာကြပါပြီ။

လူတွေကိုယ်တိုင်ဖောက်တဲ့ နေရာတွေလည်း ရှိပါတယ်။ ဒီနေရာတွေမှာ လည်း စစ်တပ်ဟာ ဖောက်မယ်မှန်း သိသိနဲ့ကို မတားဆီးပါဘူး။ ထုံးစံအတိုင်း ဖောက်ပြီဟေ့ ဆိုမှ စစ်ကားကြီးနဲ့လာ ပစ်၊ ဖမ်း၊ ပေါ်တာဆွဲ လုပ်တာပါ။ ကျနော်ကိုယ်တိုင် မြင်ရတာရှိခဲ့ပါတယ်။ တနေ့ ကျနော်တို့ နားက အစိုးရပိုင် ဂိုဒေါင်တခုကို ဖောက်ဖို့ လုပ်ကြပါတယ်။ ဘယ်က ဘယ်လိုများ အချိတ်အဆက်လုပ်လာတယ်မသိ လူ ၅၀၊ ၆၀ လောက် စုရုန်းစုရုန်းနဲ့ ဂိုဒေါင်နဲ့ မလှမ်းမကမ်းမှာ။ နာရီဝက်လောက်ကြာတော့ ဂိုဒေါင်ရှေ့ ရောက်လာပြီး တံခါးကို ဖွင့်ဖို့၊ သော့စဖျက်ကြပါတယ်။ အဲဒီမှာပဲ သူတို့ ဘယ်ဘက်ကနေ စစ်ကားနှစ်စင်း မောင်းလာပါတယ်။ တစင်းက ဗိုလ်မှုးတွေစီးတဲ့ ပစ်ကတ်ကားပါ။ ဗိုလ်မှုးလည်း ပါပါတယ်။ ကျနော်ကတော့ အိမ်ထဲ ပြေးနေပြီ။ ဖျက်နေတဲ့ လူတွေလည်း ရုတ်တရက်ဆိုတော့ ပြေးဖို့လည်း အချိန်မရ၊ ဂိုဒေါင်ရှေ့မှာပဲ တုတ်၊ ဓားတွေနဲ့ ရပ်လျက်လေး။ အေးဆေးပါ။ စစ်ကားတွေက နှေးနှေးမောင်း လူအုပ်ကို ကြည့်ပြီး ဆက်ထွက်သွားပါတယ်။ TE 11 စစ်ကားပေါ်မှာ စစ်သား အပုံလိုက်ပါ။ နှစ်စင်းပေါင်းရင် ၆၀ တော့ အသာလေးရှိပါတယ်။ သူတို့သာ နိုင်ငံတော်ပစ္စည်း မပျက်စီးအောင် တားချင်တဲ့ စိတ်ရင်းရှိရင် တားလို့ရပါတယ်။ စစ်တပ်က ဘာမှလည်းမလုပ်ရော လူအုပ်လည်း အတင့်ရဲပြီး ဆက်ဖောက်တယ်ပေါ့။ ဂိုဒေါင် ပေါက်ပြီး လူ ၅ ယောက်လောက်ပဲ အပြင်ရောက်သေးတယ် စစ်ကားတွေ ၄ စင်းလောက် ရောက်ချလာပါတယ်။ မောင်းတင်တာများ ညီလိုက်တာ ဗြောင်းဗြောင်းဗြောင်းဗြောင်းဆို ကျနော်တောင် အိမ်ထဲက ကြားရပါတယ်။ လှံစွပ်တွေလည်း အဖွေးသားနဲ့ ကားပေါ်ကနေ ခုန်ချကြတာ တ၀ှီးဝှီးပဲ။ ကျနော်ကတော့ ပစ်ပြီထင်ပြီး ပုနေအောင်ပုန်းတာ။ အဲဒီနေ့က မပစ်ပါ။ ပေါ်တာတော့ ပါသွားကြပါရော။ အဲ ဖောက်ထားတဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေလည်း မသွားတယ်လိုပဲ။ သိပ်တော့ မမှတ်မိတော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ ၈၈ မှာ ဂိုဒေါင်တွေ ဖောက်တယ်ဆိုတာလည်း သူတို့ ချကျွေးတယ့် အကွက်ထဲ လူတွေဝင်မိတာပါပဲလို့။ ငတ်ပြတ် ဆင်းရဲ နေချိန်မှာ အလကားရမယ်ဆိုတော့လည်း ယူကြတာ အပြစ်ပြောစရာတော့ သိပ်မရှိဘူးထင်ပါတယ်။ မဟုတ်လည်း အစွပ်စွဲခံရမယ့် အတူတူ စစ်တပ်ကို ပေးမယ့်အစား ယူလိုက်ကြတာ ကောင်းပါတယ်။ သြော် ပြောစရာ ကျန်သေးတယ်။ လှိုင်းကြီးလေထန်ထဲမှာ ပြတင်းပေါက်တွေကွဲ၊ အမိုးတွေကျွတ်၊ တံခါးတွေကွာနေတဲ့ စက်ရုံတွေကို အကြမ်းဖက်သမားတွေ ဖျက်ဆီးလို့ ပျက်စီးပါတယ်ဆိုပြီး ပြတာတွေ့လိမ့်မယ်။ အဲဒါ တော်တော်များများက သမိုင်းက စက်ရုံတွေပါ။ ၈၈ လုံးလုံးပြီးချိန်အထိ အမိုးလည်းရှိတယ်၊ ပြတင်းပေါက်တွေလည်း ရှိတယ်။ တံခါးတွေလည်း အဖျက်ခံရတဲ့နေရာကလွဲလို့ အကောင်းကြီးပါ။ တချို့ဆို လုံးလုံးတောင် အဖျက်မခံရဘူး။ အဲဒီကောင်တွေက ကားလမ်းဘေးမှာ ရှိတာပါ။ ကောင်းကောင်းမြင်ရပါတယ်။ မကြာဘူး၊ သူတို့ဟာ သူတို့ စဖျက်တော့တာ။ ကျနော်ကတော့ ထင်လိုက်သပေါ့။ စက်ရုံများ အသစ်ဆောက်မလို့လားလို့။ လားလား..လှိုင်းကြီးလေထန်လည်းလာရော အဲဒါကြီးတွေ ပါလာပါရော။ ကျနော့်မှာ ပါးစပ်လေး အဟောင်းသား။

5 comments:

၈၈ ဗမာပြည်နဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုတွေ

၈၈ အကြောင်းရေးမှတော့ ပစ်ခတ်တာတွေလည်း ထည့်ရေးဖို့တော့ လိုပါတယ်။ Blog စရေးခါစက တခါရေးဖြစ်ပါတယ်။ ဒီတခေါက်က ကျနော့် အမြင်မဟုတ် နားနဲ့ကြားရတာတွေ ပြောပြမှာပါ။

၈၈ ဟာ မတ်လ စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲ လုံထိန်းတွေ ၀င်ပစ်လို့ ကိုဖုန်းမော် ကျဆုံးတာကနေ စလိုက်တာ အာဏာသိမ်းပြီးချိန်ထိ အသက်ပေါင်း ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာပါ။ အင်းယားကန်ပေါင်မှာ ကျောင်းသားကျောင်းသူတွေ လုံထိန်းတွေ လက်ချက်နဲ့ ရေနှစ် သတ်ခံရတယ်၊ ရေနစ်သေတယ်။ ဒါက လွတ်အောင်ပြေးနိုင်ခဲ့တဲ့ သူတွေဆီက ကြားရတာပါ။ လွတ်ခဲ့တဲ့ အထဲမှာ ကျနော့် အမတွေ ပါပါတယ်။ မဆလက လည်း အဖမ်းဆီးခံရတဲ့ ကျောင်းသား ၄၀ ဟာ အချုပ်ကားပေါ်မှာ အသက်ရှုကြပ်ပြီး သေဆုံးတယ်လို့ တရားဝင် သတင်းထုတ်ပါတယ်။

ဇွန် ၂၁ မှာ လုံထိန်းတွေနဲ့ ကျောင်းသားပြည်သူတွေနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ပါတယ်။ မြေနီကုန်းမှာပါ။ ဆန္ဒပြ ကျောင်းသားတွေကို ရက်ရက်စက်စက် ရိုက်နှက် ဖြိုခွင်းတာကို မျက်စိရှေ့မြင်နေရတဲ့ ပြည်သူတွေဟာ တွေ့ရာ တုတ်တွေ၊ အုတ်ခဲတွေ ဆွဲပြီး လုံထိန်းတွေ ကို တုံ့ပြန်ခဲ့ပါတယ်။ တရားဝင်သတင်းထုတ်ပြန်ချက်အရ ကျောင်းသား ၃ယောက်၊ လုံထိန်း ၃ယောက် (ဒါမှမဟုတ် ၆ ယောက်စီ၊ သေချာ မမှတ်မိပါ) အသက်ဆုံးခဲ့ပါတယ်။ ဒါကို ကျနော့် မိဘတွေ၊ ဦးလေးတွေ၊ အကိုတွေ၊ အမတွေ အကုန်မျက်မြင် ကြုံခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ လုံထိန်းတွေရဲ့ နောက်ဆုံးပွဲပါ။ နောက်ပိုင်း စစ်တပ်က ၀င်ရောက်ပစ်ခတ်တာပါ။

စိန်လွင်ရဲ့ ခုနစ်ရက် သက်တမ်းကတော့ ဆက်တိုက် ပစ်ပွဲကြီးပါ။ ချာတိတ်ကျနော့် အတွက် အဲဒီတုန်းက သေနတ်သံဟာ သီတင်းကျွတ် ဗျောက်အိုးလောက်တောင် မကျယ်တော့ဘူးလိုပါပဲ။ နေ့တိုင်းကြား၊ နေ့တိုင်းပြေး၊ နေ့တိုင်းပုန်း ပါ။ လမ်းပေါ်တင်မက အိမ်တွေပေါ်ကနေ ကြည့်ရင်ကို လှမ်းလှမ်းပစ်တတ်ပါတယ်။ မြောက်ဥက္ကလာမှာဆို လေယာဉ်တွေတောင် သုံးခဲ့ပါတယ်။ ၈ လေးလုံးနေ့ကတော့ အဆိုးဆုံးလို့ ဆိုပါတယ်။ ကျနော်အိပ်နေပြီ ဖြစ်လို့ ဘာမှ မသိ၊ မကြားခဲ့ပါဘူး။ နောက်နေ့ ၉ ရက်နေ့ ကတောင် ကျနော့်အတွက် ပိုဆိုးတယ်လို့ ထင်ခဲ့တာပါ။ ကျနော့် ဒိုင်ယာရီထဲမှာ ၉ ရက်နေ့မှာ ပိုပစ်တယ်လို့ မှတ်မှတ်ရရ ရေးထားခဲ့ပါတယ်။ တနေကုန် ပစ်သံခတ်သံတွေ ကြားရပါတယ်။
အဲဒီ ၉ရက်နေ့က စစ်ကိုင်းမှာ ကမ္ဘာက သေချာ မသိတဲ့ စနစ်တကျ ကြိုတင်ကြံစီတဲ့ လူသတ်ပွဲကြီး ဖြစ်ခဲ့ပါတယ်။ ကိုယ်တိုင်ပါခဲ့တဲ့ အကိုတယောက် ပြန်ပြောပြပါတယ်။ စစ်ကိုင်း ဆန္ဒပြသူတွေဟာ ရဲစခန်းကို ဦးတည်ချီတက် ကြပါတယ်။ ရဲစခန်းရှေ့ လမ်းပေါ် သံဆူးကြိုးတွေနဲ့ တားထားတဲ့နေရာမှာ လူအုပ်ကြီးရပ်သွားပါတယ်။ အဲဒီ နေရာဟာ တိုက်တွေကြားထဲပိတ်နေတဲ့ နေရာပါ။ သံဆူးကြိုးရှိမှန်း မသိတဲ့ နောက်က လူတွေက ရှေ့ဆက်တိုးဖို့ လုပ်၊ ရှေ့ဆုံးကလူတွေက သံဆူးကြိုးတွေနဲ့ ငြိ၊ ရောက်ရက်ခတ်နေတုန်း ရှေ့ဘက် ရဲစခန်းထဲကရယ်၊ ဘေး နှစ်ဖက် နှစ်ချက် တိုက်တွေပေါ်ကရယ် ကျည်ဆံတွေ ဒလဟော ရောက်လာပါတော့တယ်။ ညှပ်ပူးညှပ်ပိတ် အပစ်ခံလိုက်ရတဲ့ ပြည်သူတွေဟာ စုစုပေါင်း ၃၀၀ကျော် တရက်တည်း ကျဆုံးခဲ့ပါတယ်။ အလောင်းတွေကို စစ်တပ်က ဧရာဝတီမြစ်ထဲ မျှော်ချခဲ့တာ မြစ်အောက် ရွာတွေမှာ လိုက်ကောက်ရတယ်လို့ဆိုပါတယ်။

၈၈ ပြစ်ခတ်မှုတွေကို သက်သေ ထွက်ဆိုနိုင်တဲ့ တကယ်ကိုယ်တိုင် ပါဝင်ပစ်ခဲ့တဲ့ လူတွေဆိုလို့ ဒီ စစ်ကိုင်းရဲစခန်းက လူတွေပဲ ကျန်ပါလိမ့်မယ်။ သူတို့ကို ပစ်ခတ်မှုအပြီး နောက်တရက်မှာ ပဲ ချက်ချင်းနယ်ပြောင်းလိုက်ပါတယ်တဲ့။ ရာထူးလည်း တိုးသွားကြတယ်ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတော့ ဒီပွဲကို ဦးဆောင်ခဲ့တဲ့ ရဲမှုးဟာ စစ်ကိုင်း(ဒါမှမဟုတ်) အနီအနားတနေရာမှာ အလွန်မြင့်တဲ့ ရာထူးနဲ့ ပြန်ရောက်နေပြီလို့ သိရပါတယ်။ မြို့တွေပေါ်မှာ ပစ်ခဲ့ကြတဲ့ စစ်သားတွေကတော့ မဲသဝေါ နဲ့ မိုင်းယန်းမှာ ကုန်ပါပြီ။ ဒါဟာလည်း စစ်တပ်က ဒီနှစ်နေရာ စလုံးကို တမင်တကာ ဗကပနဲ့ ကရင်သူပုန်တွေဆီ အကျခံလိုက်တာလို့ ၁၉၉၀ ပြည့်လွန်နှစ်များက ကျနော်စကားပြောဖူးတဲ့ ဗိုလ်မှုးတယောက်က ပြောဖူးပါတယ်။ အရေးအခင်းမှာ ပစ်ခဲ့တဲ့ စစ်သားတွေဟာ မိုင်းယန်း၊ မဲသဝေါနဲ့ ကေအင်ယူ တပ်စခန်းအများအပြားကို သိမ်းခဲ့တဲ့ ပွဲတွေမှာ မတက်မနေရ အနောက်ကနေ သေနတ်နဲ့ ချိန်ပြီးတက်တိုက်ရင်း ကုန်သွားခဲ့ပါပြီ။ လှည့်ပြေးလာတဲ့ တပ်သားတွေကို တကယ်ကို သေနတ်နဲ့ ပစ် သေစေခဲ့တယ်လို့ဆိုပါတယ်။

ထောင်ပေါင်းများစွာသော နုနယ်တဲ့ကျောင်းသားတွေ နယ်စပ်စခန်းတွေကို ထွက်ပြေးခဲ့ကြတယ်ဆိုတာ အုပ်ချုပ်သူက တော်ယုံရက်စက်လို့မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ ဘယ်သူမဆို မိနဲ့ ဘနဲ့ ချစ်သူနဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီး ပညာသင် အပူပင် ကင်းကင်းနေချင်တာချည်းပါ။

ဒါတွေဟာ ခဏ ခဏ ပြောလို့ ပျော်ရတာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်ကို ပြောမပြရင် သူတို့ ပြောတဲ့ လှိုင်းကြီးလေထန်ထဲပါပြီး ဦးနှောက်တွေ နစ်ကုန်မှာစိုးလို့ပါ။ ကိုယ်ကအမှန်တွေ ပြောမပြပဲ ကလေးတွေက သူတို့ရဲ့ အမှားသမိုင်းကြီးပဲ ကြားနေရရင် ဘယ်လောက်မှားမှား မှားတာကိုပဲ အမှန်ထင်သွားမှာပါ။ ကျနော်တို့ သိသမျှ၊ ကြားသမျှ၊ နားလည်သမျှကို ကျနော်တို့ရဲ့ ညီတွေ၊ ညီမတွေကို သင်ကြားပြောပြဖို့က ကျနော်တို့ အားလုံးရဲ့ တာဝန်ပါ။ ဒါမှ ကျနော်တို့ခေတ်မှာ မပြောင်းနိုင်ခဲ့သည်ရှိသော် သူတို့ခေတ်မှာ သူတို့တွေပြောင်းဖို့ ဆက်ကြိုးစားနိုင်မှာပါ။ နောက်မျိုးဆက် ကောင်းစားရေးအတွက် အခုမျိုးဆက်မှာ တာဝန်ရှိပါတယ်။ လုပ်လဲ ဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့ မသိချင်ယောင်ဆောင်မနေကြပါနဲ့။ အနည်းဆုံးတော့ နောက်မျိုးဆက်ကို အသိတရားလေး ကူညီပေးခဲ့ကြပါ။

1 comments:

Wednesday, December 20, 2006

Burman, Burmese

ဗမာ မြန်မာ ပြီးတော့ Burman Burmese လေး ပြောချင်လို့။ အခုနောက်ပိုင်း Burman ဆိုတဲ့ အသုံးအနှုန်း မတွေ့ရတော့ပါဘူး။ တွေ့တော့လည်း အခုခေတ် အသုံးအနှုန်းတွေနဲ့ သဘောချင်း မတိုက်ဆိုင်ပြန်ဘူး။

ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတချို့ကိုကြည့်ပါ။
…our original stand for the formation of a National Government which must consist of all Burmans and which must have all powers
First congress of AFPL, Jan 20, 1946

Let us therefore join hands, Britons, Burmans and all nations alike,…..
…..the great amount of freedom of the Burmese womanhood unique in the East full of the harems…..
I shall not go into enumeration of what our Patriotic Burmese Forces and guerillas have done and achieved as my time is short.
Aug 29, 1945, City Hall, Rangoon

Burman ကို လူမျိုး(တတိုင်းပြည်လုံး)အတွက် သုံးပြီး Burmese ကို ပိုင်ဆိုင်မှုပြ၊ သက်ဆိုင်မှုပြ စကားလုံးတွေမှာ သုံးပါတယ်။ ဘယ်မိန့်ခွန်းမှာမှ Burmese ကိုလူမျိုးနေရာ သုံးတာမတွေ့ရပါဘူး။

Dobama Asi-ayone ("We-Burmans Association")
Burmese independence
Burmese forces

နောက်ထပ် နမူနာတွေပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မမေဓာရဲ့ ပျောက်ကြား-၉ post မှာအခုလို သွားတွေ့ပါတယ်။ ဆရာ ရွှေဒုံးဘီအောင်ရဲ့ ၁၉၄၅ခုနှစ်ရေး စာအုပ်ထဲကပါတဲ့။
WHETHER A KAREN OR A BAMA DOES EVIL, IT IS EVIL, IT IS EVIL DONE BY A BURMAN TO A BURMAN,
ဒါကိုကြည့်ရင် အဲဒီတုန်းက Burman ဟာ ဗမာပြည်တွင်းက တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ သိသာပါတယ်။ ကရင်လည်း Burman ဗမာလည်း Burman ပါ။

သို့သော်လည်းပေါ့လေ။ နာမည်ကြီး wikipedia မှာ ဒီလိုရေးထားတာတွေ့ပြန်တယ်။
In British usage, inhabitants of Burma, no matter what their ethnicity, are known as Burmese, while the dominant ethnicity (speaking Burmese) is known as "Burmans".

In American usage, the meaning of Burmese and Burman are often the opposite of British usage: Burman refers to all the people of Myanmar, while Burmese refers specifically to the Burmese speaking ethnicity dominating the country.

နှစ်ကာလရွေ့လျောပြီး အသုံးတွေပဲ မှားကုန်သလား။ Research လုပ်တဲ့သူတွေပဲ အမှားတွေကို အမှန်ထင်သုံးရင်း မှားကုန်သလား။ ကျနော်နဲ့ ကျနော့် Research တွေပဲ မှားနေသလား။ ဟိုတုန်းက စာတွေ ဆက်ဖတ်ရအုံးမှာပ။

ဒါပေမယ့် ဗိုလ်ချုပ်ကို ကျနော် ယုံတယ်။ တို့ဗမာအစည်းအရုံးကို ယုံတယ်။ ဗကသ ကိုလည်းယုံတယ်။ အခု ဆရာရွှေဒုံးဘီအောင်ကိုလည်း ယုံပ။

0 comments:

Tuesday, December 19, 2006

ဗမာ လား မြန်မာ လား

တနေ့ကပဲ အမေရိကားရောက် သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်တော့
‘မင်းတို့ဆီမှာ ဗမာလို့သုံးလား မြန်မာလို့သုံးလား’ တဲ့။
‘ငါကတော့ ဒီကောင်တွေ မြန်မာ မြန်မာ လုပ်နေလို့ အမြင်ကတ်တာနဲ့ ဗမာပဲသုံးတယ်’ဆိုတော့
‘အေး ငါရောပဲကွ။ ဒါပေမယ့် တော်တော်များများက မြန်မာနေတော့ ငါအူကြောင်ကြောင်ဖြစ်ပြီး မှားများနေလား မေးကြည့်တာ’တဲ့
‘တကယ်တော့ ငါ့အထင် အတူတူပါပဲကွာ။ အမြင်ကတ်လို့သာပါ’ ဆိုပြီး ကျနော့် အထင်တွေ အမြင်တွေ ပြောဖြစ်ပါတယ်။

ဗမာရာဇ၀င်မှာ တို့ဗမာ အစည်းအရုံးဆိုတာ အထင်အရှားပါ။ ဒီအစည်းအရုံးကြီးရဲ့ ခေါင်းဆောင်ပိုင်းမှာ တိုင်းရင်းသားအစုံ အပြင် ကုလားကြီးပါ ပါပါတယ်(ကျနော် လောလောဆယ် နာမည်တွေ မမှတ်မိလို့ မပြောနိုင်ပါ)။ တကယ်လို့သာ ဗမာဆိုတဲ့ စကားလုံးဟာ တကယ့် ဗမာတမျိုးထဲကို ကိုယ်စားပြုမယ်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေက နာမည်ကို တို့မြန်မာ အစည်းအရုံးပေးခဲ့မှာပေါ့။ ‘သခင်မျိုးဟေ့ တို့ဗမာ’ ဆိုတဲ့ကြွေးကြော်သံကိုလည်း တက္ကသိုလ်ကျောင်းသား သပိတ်တွေမှာ ကြားရမယ်မထင်ပါ။ ‘သခင်မျိုးဟေ့ တို့မြန်မာ’ အော်ခဲ့မှာပေါ့။

ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ပြည်ကို ချစ်ပါ
တို့စကားကို လေးစားပါ
တို့စာကို မြတ်နိုးပါ

ဘယ်မှာတုန်း မြန်မာ ဆိုတဲ့ အသုံးအနှုန်း။

ဂျပန်တော်လှန်ရေးလည်းကြရော..
‘ဗမာပြည် ကာကွယ်မည်၊ တပ်မတော်ချီလာမည်….’
ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ ကာကွယ်ရေး တပ်မတော်
ဟုတ်ကဲ့ ဒီတပ်မတော် မှာ တိုင်းရင်းသား ပေါင်းစုံ ပါခဲ့ပါတယ်။
အတုအယောင် လွတ်လပ်ရေးပေးတော့ ဗမာနိုင်ငံတော် အစိုးရ တဲ့။

နိုင်ငံတော် သီချင်းကလေးကြတော့..
‘ကမ္ဘာမကြေ ဗမာပြည်’ သတိထားပါ မြန်မာပြည် မဟုတ်ပါ။

ဗိုလ်ချုပ်မိန့်ခွန်းတွေရော
‘ကျနော်တို့ ဗမာတွေဟာ ဗမာပြည်လွတ်လပ်ရေး ရအောင်ဆိုတာမျိုးလည်း မလုပ်ချင်ဘူး…’
တိုင်းရင်းသားတွေချစ်တဲ့ ယုံကြည်တဲ့ တိုင်းရင်းသားတွေကို ချစ်တဲ့ ဗိုလ်ချုပ်ဟာ ဗမာလူမျိုးကြီး ၀ါဒကို သုံးပြီး မိန့်ခွန်းပြောပါ့မလား။ ဗမာဆိုတာ တတိုင်းပြည်လုံး လူမျိုးအားလုံးကို ရည်ညွှန်းတယ်လို့ ဗိုလ်ချုပ် ယုံကြည်လို့သာ သုံးခဲ့တာပေါ့။

ကျနော်သိသလောက် မြန်မာရယ်လို့ စသုံးတာ လွတ်လပ်ရေး ရပြီးမှပါ(မှားချင်မှားပါမယ်၊ မှားရင်ပြင်ပေးကြပါ)။ မြန်မာနိုင်ငံ ဆိုတာဟာ ပိုသင့်လျော်တယ်လို့ အဲဒီတုန်းက အစိုးရက ဆုံးဖြတ်ခဲ့သတဲ့။

ဆိုတော့ကာ ကျနော်ကတော့ ဗမာဆိုတာ တိုင်းရင်းသား ပေါင်းစုံ ပါတဲ့ လူမျိုးစုကြီးကို ခေါ်တယ်၊ ဗမာပြည်ဆိုတာ တိုင်းရင်းသား ပေါင်းစုံပါတဲ့ တိုင်းပြည်လို့ ယုံကြည်လက်ခံပါတယ်။ ဗိုလ်ချုပ်ကို ယုံတယ်။ တို့ဗမာအစည်းအရုံးကို ယုံတယ်။ ပြီးတော့ ဗမာဆိုတာ ပြောလို့ဆိုလို့ မာန်ပါတယ်။ မြန်မာလို့ ပြောရတာက ပေါ့ပျက်ပျက်ကြီး။

မြန်မာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံချင်ပေမယ့် မကန့်ကွက်ပါဘူးနော်။ မြန်မာနိုင်ငံလည်း ဒါပဲ၊ ဗမာနိုင်ငံလည်း ဒါပဲ။ ဗမာလူမျိုး လည်း ဗမာ၊ ကရင်လည်း ဗမာ၊ ရှမ်းလည်း ဗမာ။ ဒီလိုပဲ မြန်မာ ချင်လည်း မြန်မာပေါ့ဗျာ။ ကျနော်ကတော့ ‘မြန်မာဟေ့ မြန်မာ’ ရုပ်ရှင်ရိုက် ကတည်းက ဗမာမှ ဗမာပဲ။

သီချင်းလေးနဲ့ နိဂုံးချုပ်ရင်လှမလား
‘ဗမာနိုင်ပြီ ဒို့ဗမာနိုင်ပြီ’

0 comments:

Monday, December 18, 2006

(ကို) ကိုကိုကြီး ၄၅နှစ်ပြည့်

ဒီနေ့ (ကို)ကိုကိုကြီး ရဲ့ ၄၅နှစ်မြောက် မွေးနေ့ပါ။ ခြောက်ထပ်ကြီးဘုရားဝင်းထဲက သာသနာ့ဂုဏ်ရည်ကျောင်းတိုက်မှာ သူ့ကိုလေးစားသူတွေ၊ ချစ်ခင်သူတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြတ်နိုးသူတွေဟာ သူ့မိသားစု၊ သူ့သူငယ်ချင်းတွေနဲ့အတူ သူတို့တတွေအတွက် ကောင်းမှုကုသိုလ်လုပ်ရင်း ၀ိုင်းဝန်းဆုတောင်းပေးကြမှာပါ။ ဒီမိုကရေစီရေးကို မြတ်နိုးသူတိုင်း၊ ၈၈ မျိုးဆက်ကျောင်းသားတွေကို လေးစားသူတိုင်း တက်ရောက်ကြပါလို့ သူ့မိသားစုနဲ့ ၈၈ ကျောင်းသားတွေက တိုက်တွန်းထားပါတယ်တဲ့။

ကျနော် မလာနိုင်ပေမယ့် အကို ရပါစေလို့ ရည်ရွယ်ပြီး ဆုတောင်းတော့ ပို့လိုက်ပါတယ်။ အကို နောက်မွေးနေ့တွေမှာ လွတ်လပ်တဲ့ တရားမျှတတဲ့ လူ့အခွင့်အရေးတွေရှိတဲ့ ဒီမိုကရေစီအပြည့်နဲ့ ဗမာနိုင်ငံကြီးထဲမှာ အကိုချစ်တဲ့ သူတွေနဲ့ ပျော်ရွှင်နိုင်ပါစေ။

The photo which was taken before his first arrest in 1991, was extracted from voanews.com

0 comments:

Wednesday, December 13, 2006

စီးပွားရေး ပိတ်ဆို့မှုနဲ့ ကျနော်တို့ ဗမာပြည်

ဒီကိစ္စကို သဘောတူတဲ့လူတွေရှိသလို သဘောမတူတဲ့လူတွေလည်း အပုံအပင်ပါပဲ။ စဉ်းစားပုံ မတူကြတာတွေ၊ တွေ့မြင်ရတဲ့ အဖြစ်အပျက် မတူကြတာတွေ၊ အကြောင်းအမျိုးမျိုး ရှိကြပါလိမ့်မယ်။ အခုရေးမှာက ကျနော့်အတွေး၊ ကျနော့်အမြင်။ သည်းခံ ဖတ်ပြီး ဝေဖန်ဆုံးဖြတ်ကြဖို့ပါ။

ကျနော် ခပ်ငယ်ငယ်တုန်းက စီးပွားရေး ပိတ်ဆို့တာကို သိပ်သဘောမကျခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားပွဲတွေ အမြဲသွားတယ်။ NLDကလုပ်သမျှ ပွဲတွေ ဘယ်လောက်ပဲ အတားအဆီးတွေ ရှိရှိ ရောက်အောင်သွားတယ်။ ဒါပေမယ့် ဒီကိစ္စလေးမှာတော့ သဘောကွဲလွဲတယ်ပေါ့။ အဲဒီအချိန်က ကျနော်မြင်တာက ထိုးထွက်လာနေတဲ့ ဟိုတယ်ကြီးတွေ၊ ခပ်ပေါပေါ သောက်ရတဲ့ Pepsi ပုလင်းတွေ၊ ဈေးချိုချိုဝယ်ဝတ်နိုင်တဲ့ Daewoo ထုတ်အင်္ကျီတွေ၊ စက်ရုံကြီးတွေမှာ လခကောင်းကောင်းရတဲ့ ကျနော်တို့ ပြည်သူပြည်သားတွေပေါ့။

ဒီခပ်ချာချာ အတွေးတွေ မရှိတော့တာ ဆယ်စုနှစ်တခု ကျော်ပါပြီ။ ဒါပေမယ့် တချို့တချို့တွေ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်တွေမှာ သံသယတွေရှိနေတုန်းမို့ ဘာကြောင့် ကျနော်ပြောင်းသွားသလဲ ရှင်းစရာ လိုလာပါတယ်။

ဧည့်သည်မရှိတဲ့ ဟိုတယ်ကြီးတွေ ကျနော်မြင်တယ်။ နိုင်ငံခြားမှာ ဒေါ်လာရာနဲ့ချီ ရောင်းတဲ့ အင်္ကျီတွေ ထုတ်တဲ့ စက်ရုံကြီးတွေမှာ လုပ်တဲ့ လခကောင်းတယ်ဆိုတဲ့ အလုပ်သမလေးတွေ ကျနော်မြင်တယ်။ နောက်ပြီး ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဆိုတဲ့ ဒေါ်လာသန်းပေါင်းများစွာ ရတဲ့ စီမံကိန်းကြီး ကျနော်မြင်တယ်။ ရတနာမှာ လုပ်တဲ့ အင်ဂျင်နီယာတွေ၊ ၀န်ထမ်းတွေ လခကောင်းပါတယ်၊ မငြင်းပါဘူး။ ဒီလိုပဲ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းတွေမှာ လုပ်တဲ့ သူတွေ လခ ကောင်းကြပါတယ် (ဗမာပြည် အတိုင်းအတာနဲ့ ဆိုရင်ပါ)။

ဟုတ်ကဲ့၊ ကျနော်တို့ ဗမာပြည်ရဲ့ လူဦးရေ ဘယ်လောက်များများ လူနေမှုအဆင့် မြင့်လာတာ သင်မြင်ပါသလဲ။ ဘယ်သူတွေ ချမ်းသာ လာပါသလဲ။ လူဘယ်လောက်များများ ဆင်းရဲသွားပါသလဲ။ ဗမာပြည်ရဲ့ ဘယ်နေရာမှာ ဘယ်လို တိုးတက်လာတာ တွေ့ပါသလဲ။ စစ်ကားသွားဖို့ ဖောက်တဲ့ ပိုက်ဆံမကုန်တဲ့၊ လုပ်အားပေးနဲ့ အကျဉ်းသားနဲ့ ဖောက်တဲ့လမ်းတွေ၊ လက်ချိုးရေလို့ရတဲ့ ခပ်သေးသေးတံတားတွေ ခဏမေ့ထားပါ။

စက်ရုံကြီးတွေက ဘယ်လောက်များများ ၀န်ထမ်း သက်တောင့်သက်သာ နေနိုင်တဲ့ အဆင့် ရောက်လာပါသလဲ။ ဒီစက်ရုံ ကြီးတွေက ရတဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားပါသလဲ။ ရတနာက နှစ်စဉ်ရတဲ့ ဒေါ်လာသန်း ရာနဲ့ချီတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားပါသလဲ။ သြော် ကျောက်မျက်ရတနာပြပွဲတွေကရတဲ့ ပိုက်ဆံတွေ၊ သစ်ခုတ်လုပ်ရေးကရတဲ့ ပိုက်ဆံတွေ၊ ဘိန်းခင်းတွေကရတဲ့ ပိုက်ဆံတွေရော…။

ကျနော်မြင်တာပြောပြပါမယ်။ TE 11 စစ်ကားတွေ အစား တရုတ်လုပ် စစ်ကားတွေ မြင်ပါတယ်။ ရှေ့တန်းစစ်မျက်နှာတွေမှာ တခါမှ မသုံးပေမယ့် ထပ်ကာထပ်ကာ ၀ယ်နေတဲ့ တရုတ်လုပ် တင့်ကားတွေ မြင်ပါတယ်။ အဲ ရှေ့တန်းမှာ မသုံးတဲ့ တရုတ်လုပ် ခဏခဏ ပျက်ကျတတ်တဲ့ စစ်လေယာဉ်တွေနဲ့ ရုရှားလုပ် MIG 29 တွေမြင်ပါတယ်။ ဘယ်နိုင်ငံကမှ ချိန်းခြောက်ရန်မလုပ်ပေမယ့် တနေ့တခြား ကြီးကြီးလာတဲ့ စစ်တပ်ကြီးကို မြင်ပါတယ်။ မြောက်ကိုရီးယားကို အားကျပြီး မျောက်ပြဆန်တောင်းလုပ်ဖို့ အတင်းလိုက်လုပ်မယ့် Nuclear စီမံကိန်းကြီးနဲ့ ဒါကြီးကို ကိုင်တွယ်မဲ့၊ ဓာတ်ယိုစိမ့်မှုဖြစ်ရင် အရင်ဆုံးသေကြမယ့် ရုရှားကို လွှတ်ထားတဲ့ စစ်သားတွေကို မြင်ပါတယ်။ ရန်ကုန်မှာတင် အိမ်ပေါင်း ၃၃လုံးထက်မနည်း ရှိတယ်ဆိုတဲ့ ကိုသန်းရွှေရဲ့ အိမ်တွေအကြောင်း ကြားပါတယ်။ သိပ်သေချာတဲ့ အိမ်ကြီးကြီးတလုံးစီကိုလည်း ရန်ကုန်နဲ့ အခု ကြပ်ပြေးမှာ google earth ကနေမြင်ပါတယ်။ ဒေါ်လာ ဘီလီယံနဲ့ချီ ကုန်ကျတဲ့ သုညကနေ စဆောက်တဲ့ ကြပ်ပြေးကြီးကို မြင်ပါတယ်။
စိန်ဘယက်တွေ၊ စိန်ဆွဲကြိုးတွေ၊ စိန်လက်ကောက်တွေအပြင် လူမမြင်ရတဲ့ ခြေထောက်မှာပါ ရွှေခြေကျင်းကြီးတွေ ၀တ်ထားတဲ့ သတို့သမီးနဲ့ သူ့ရဲ့ ဒေါ်လာသန်းချီကုန်တဲ့ မင်္ဂလာပွဲလည်း မြင်သပေါ့။

ဟုတ်ကဲ့၊ ရွှံ့တောထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဝေဘာဂီ စတဲ့မြို့တွေ၊ မိုးရွာရင် ရေကြီးကြီးနေတဲ့ မြို့တော် ရန်ကုန်ကလမ်းတွေ၊ အယ်ဒီဆင်ကို နေ့တိုင်း ဂုဏ်ပြုနေတဲ့ ဗမာပြည်ကြီးနဲ့ ရိုးပြတ်တွေကြားက တက္ကသိုလ်လို့ ခေါ်တဲ့ အဆောက်အအုံတွေကိုလည်း မြင်ပါတယ်။

နှစ်ပေါင်း ၁၈နှစ် ကြာပါပြီ။ ၁၈နှစ်အတွင်း တကယ့်ကို သိသိသာသာ တိုးတက်လာတာကတော့ ပြောပြပြီးတဲ့ အတိုင်း စစ်တပ်ကြီးနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများပါပဲ။ သူတို့နဲ့ ပေါင်းစားကြတဲ့ လူတချို့နဲ့ ငြိမ်းချမ်းရေး ဘိန်းဘုရင်တွေလည်း ကြီးပွားကြသူတွေထဲ ပါသပေါ့။ အဲဒီအပြင်တော့ ….. ရှိသေးရင် ပြောပြကြပါအုံး။

0 comments:

Friday, December 08, 2006

ဥတုသုံးပါး စကားလုံးများ

လမ်းများ၊ ဟော်တယ်များ၊ ပွဲတော်များ၊ တံတားများ
(အလှုခံဖြတ်ပိုင်းတွေ ခြင်းထဲမှာ ပြည့်နေ)
ထမင်းငတ်လို့ သေတဲ့လူမရှိ
အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းဒေသက လူက ပြန်ပြောတယ်
နပ်ကျော်နေတဲ့ လူတွေ စာရင်း ပြုစုပေးပါရစေ။

ခေါင်းစဉ်တွေ ပြောင်းပြောင်းသွားတယ်
မင်းသားကတော့ သူပါပဲ။
(ရီတယ်၊ ဒေါသထွက်တယ်၊ နေကာမျက်မှန်တပ်တယ်)
အသိုက်အမြုံ ပြောင်းခြင်းဆိုတာ
စစ်တုရင်ကွက် ရွှေ့သလောက်တော့ မလွယ်ပါ။

မှန်ခြင်း မှားခြင်း ဒဿနတွေကို
အသုံးမချတတ်သူတွေကတော့
နှုတ်ခမ်းဆိုးဆေးတောင့်တွေ၊ မြှို့ပျက်တွေ၊
အလောင်းတွေ၊ သွေးစက်တွေ၊
မိကွဲဖကွဲနဲ့ ဘ၀လက်ဆောင် ရလိုက်တယ်။

ဦးနှောက်တွေက ရှင်သန်နိုးကြားနေပြီး
ခန္ဓာကိုယ် သွက်ချာပါဒ ဖြစ်နေတဲ့ လူတွေရဲ့
စုဗူးတွေကို ခွဲလိုက်တဲ့အခါ
ဘွဲ့လက်မှတ်များ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များ
(ပြာပုံအဖြစ် ရုပ်ကြွင်းတွေ ဖြစ်လို့နေ)
နောက်တော့……..
လူတွေဟာ တဖြည်းဖြည်း စက်ရုပ်တွေ ဖြစ်လာပြီး
ကိုယ်ကျင့်တရား ဆိုတာလည်း ခမ်းခြောက်ကုန်တော့တာပါပဲ။

မိုးလင်းတော့
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ
ပဒေသရာဇ်ခေတ်က လူသားတွေ
နှစ်ဆယ့်တစ်ရာစု အင်္ကျီဒီဇိုင်းတွေ ပြောင်းဝတ်ရင်းက
အရပ်ထဲ တိုင်းခန်းလှည့်လည်နေတာ
သင်………တွေ့နိုင်ပါတယ်။

ဝင်းကျော်


၁၉၉၆ ထုတ် ရာစုသစ်မြစ်ကျဉ်း ၊၄၊ ထဲက ပါပဲ။ ၂၀၀၆ မကုန်မခြင်းတော့ ၉၆ ရဲ့ ကျနော်ကြိုက်တဲ့ ခံစားလွယ်တဲ့ ကဗျာတွေကို အမှတ်တရ ပြန်တင်နေမိဦးမှာပါ။ ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပဲ ဆိုပါတော့။ အနုပညာနဲ့ တိုက်ခဲ့သူတွေ၊ တိုက်နေသေးသူတွေ ကိုလည်း ဂုဏ်ပြုရာ ရောက်အောင်ပါ။

0 comments:

Thursday, December 07, 2006

We, the Burmans

We were born in Burma
We were born as Burmans
We speak Burmese
We eat Burmese food &
We were taught to love Burma

Yet we left Burma
In the midst of political turmoil
Yet we left Burma
With the hope of returning democratic Burma
Yet we left Burma
With brave hearts

Months passed
Years passed
Burma hasn’t changed
Government hasn’t changed

But who cares?
We are not in Burma
But who cares?
We are not suffering
But who cares?
Our families will be rich with the money we send

Do we need to fight for freedom?
Do we need to fight for democracy?
Absolutely not!
We are safe and we are fine after all.


Generation96
(Dedicated to all Burmans staying abroad who fall into the category of “who cares”)

Written in 2005 after witnessing the disappointing turn out at Daw Su’s Birthday held at Toapayoh monastery. Even though more than 300 T-shirts were snatched FREE, barely less than 50 people wore the shirts on that day.

1 comments:

အမှတ်တရ ၉၆

၁၉၉၆ ဒီဇင်ဘာ ၂ ရက်က နေ ၂ ပတ်နီးပါး ကြာခဲ့တဲ့၊ နအဖကို တင့်ကားတွေ ရန်ကုန်မြို့တွင်းခေါ်သွင်းရလောက်အောင် တုန်လှုပ်စေခဲ့တဲ့၊ ကျောင်းသားလှုပ်ရှားမှုဟာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။

ကျောင်းတွေ အပိတ်ခံရတယ်။ ခေါင်းဆောင်တွေ ထောင်ချခံရတယ်။ တချို့လည်း တဖက်နိုင်ငံ ထွက်ပြေးခိုလှုံကြရတယ်။ အရေးအခင်းကာလမှာ အရိုက်ခံ၊ အဖမ်းခံရသူတွေလည်း အပုံအပင်ပေါ့။

သူတို့တွေ အသက်မစွန့်ခဲ့ရပါဘူး။ ဒါပေမယ့် ကျနော်တို့ ချစ်တဲ့ တိုင်းပြည်အတွက်၊ တရားမျှတမှုတွေ အတွက်၊ မရရှိသေးတဲ့ လူ့အခွင့်အရေးတွေ အတွက်၊ သူတို့ ဘ၀တွေ စွန့်ခဲ့ရတယ်။ ကျောင်းမှာ စာသိပ်တော်တဲ့ ကျောင်းသားတွေ၊ လူချစ်လူခင်ပေါတဲ့ သူတွေ၊ နောက်ဆုံးနှစ်ကျောင်းသားတွေ၊ သိပ်တက်ချင်တဲ့ ကျောင်းတော်ကြီးကို စရောက်ခါစ ပထမနှစ် ကျောင်းသားတွေ၊ သူတို့တတွေ အားလုံး၊ ကျနော်တို့ အားလုံးအတွက် ကြိုးစားရင်း သံတိုင်တွေနောက်ရောက်၊ မိကွဲ ဖကွဲ ချစ်ခင်သူအားလုံးနဲ့ကွဲ၊ အမိတက္ကသိုလ်နဲ့လည်း ကွဲခဲ့ရတယ်။

နှစ်ပေါင်းများစွာ ကြာမှ အပြင်လောကထဲ ပြန်ထွက်လာရတဲ့ သူတို့တွေ ခုထိလည်း ပေးဆပ်နေရဆဲပါ။ ပညာသင်ကြားရေးဆိုတာ အမိမြေမှာ သူတို့အတွက် လုံးဝပြီးဆုံးသွားပါပြီ။ ဒီလိုဖြစ်မယ်ဆိုတာ သိရက်နဲ့ ကိုယ်ကျိုးစွန့် ကြိုးစားခဲ့ကြတဲ့ သူတို့ကို ကျနော် ဒီနေရာကနေ ဂါရ၀ ပြုပါရစေ။

၉၆ မှာ တတ်စွမ်းသလောက် ပါဝင်ခဲ့ကြတဲ့၊ အာဏာရှင်တွေရဲ့ မတရားတဲ့ လုပ်ရပ်တွေကို တတ်နိုင်သလောက် ဖီဆန် အန်တုခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသား အားလုံးကိုလည်း ဦးညွှတ်ရင်း . . .

2 comments: