Wednesday, April 18, 2007

နိုင်ငံတော် အလံသစ် ဟောကိန်း

ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းထဲက စာတွေကို ထုတ်ထုတ်ရေးနေတာကြာပါပြီ။ ဒီစာအုပ်ဟာ ဗေဒင်ဆရာ ဒေါင်းစကြာ ဟောတာတွေ ဘယ်လောက်မှန်သလဲဆိုတာကို တကယ့် အဖြစ်အပျက်တွေနဲ့ ယှဉ်ပြထားတာပါ။ အဓိက မှန်သွားတာကတော့ ဦးနုအစိုးရ ပြုတ်ကျမယ်၊ တတိယ အင်အားစု တက်လာမယ်ဆိုတာပါပဲ။ ဟောကိန်းကို ရန်ကုန်ရက်စွဲ (၂၇-၁၂-၆၁)နေ့ထုတ် ဂါဒီးယန်း သတင်းစာ မျက်နှာဖုံး၊ မြန်မာ့လမ်းစဉ် စာမျက်နှာ (၄)၊ (၂၉-၁၂-၆၁) ထုတ် ဟံသာဝတီ သတင်းစာ စာမျက်နှာ(၈)၊ ဗိုလ်တထောင် သတင်းစာ စာမျက်နှာ(၇)၊ (၂၈-၁၂-၆၁) ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၇) တို့မှာ ဖော်ပြခဲ့တယ် ဆိုပါတယ်။

ကိုးကား ။ ။ စာမျက်နှာ -၈၆

ဒီဟောကိန်းအပြင် ဆင်ဖြူတော်ဟောကိန်းဆိုတာကိုလည်း ၁၉၅၉ သြဂုတ် ၂၆ ရက်နေ့မှာ ဟောဆိုပြီး မန်းသူရိယ သတင်းစာမှာ အခြေအနေအရ ဖော်ပြသင့်သည်များကိုသာ ဟောကိန်း(၈)ချက်အနေနဲ့ (၁၆-၇-၆၁)မှာ တိုင်းပြည်ကို အသိပေးခဲ့ပါသတဲ့။

ကိုးကား ။ ။ စာမျက်နှာ -၁၀၃

မန်းသူရိယ သတင်းစာ၌ ဆင်ဖြူတော်ဟောကိန်း(၈)ချက် ဟောဆိုခဲ့ရာ အမှတ်(၇)တွင် နိုင်ငံတော်အလံ ပြောင်းမည်ဟု ဟောဆိုခဲ့၏။ သို့သော် ထိုဟောကိန်းတွင် ပြောင်းမည်ဟုသာ ပါရှိခဲ့ပေသည်။ မည်သည့်အလံ ပြောင်းမည်ဟု အခြေအနေအရ ထိုစဉ်က အတိအကျ မထုတ်ဖော်ခဲ့။ ယခု ပြောင်းလဲမည့် အလံတော်ကို ထုတ်ဖော်ဟောဆိုရသော် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် လူမျိုးစုအားလုံး စည်းရုံးချစ်ကြည်မှုကို အကျိုးပြုသောအားဖြင့် ပြောင်းလဲမည့် နိုင်ငံတော်အလံမှာ။

(၁) ဒေါင်းပါမည်။

(၂) ကြယ်ပါမည်။

(၃) အရောင်မှာ အနီရောင် အခြေခံမည်။

၎င်းပြောင်းလဲမည့် အလံတော်သည် မြန်မာနိုင်ငံတော် တိုင်းကြီး(၈)တိုင်းအပေါ်တွင် အောင်မြင် ၀င့်ကြွားစွာ လွှင့်ထူလိမ့်မည်။………………………………………………………….

……………………………………………

…………………………………………..

သို့သော် ထိုနိုင်ငံတော်၏ အလံသစ်ကို(မပြောပလောက်သော လူနည်းစုများမှအပ) ရာခိုင်နှုန်း များပြားလှစွာသော ရဟန်းရှင်လူများနှင့် လူတန်းစား အသီးသီးတို့သည် (ဖရဏာပီတိ ဂွမ်းဆီထိ) သကဲ့သို့ နှစ်လိုအားရ ၀မ်းမြောက်ရွှင်လန်းကြည်နူးစွာ ကြိုဆို လက်ခံကြမည် ဖြစ်သည်။

စာမျက်နှာ ၁၀၀ မှ ၁၀၃ အတွင်း တိုက်ရိုက်ကူးချသည်။

ကဲ…..ဟောကိန်းဆိုတော့လည်း ၁၀၀% တခါတည်း မမှန်ဘူးပေါ့လေ။ တိုင်းကြီး(၈)တိုင်းလည်း မမှန်ဘူး။ တော်လှန်ရေးကောင်စီက တိုင်းပြည်အကျိုးပြုမယ်ဆိုတာလည်း မမှန်ဘူး။ အလံသစ်လည်း မမှန်ခဲ့ဘူး။

ကျနော်ဗေဒင်မယုံပါ။ လုံးဝ(လုံးဝ) မယုံပါ။ ဒါပေမယ့် နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံတော် အလံသစ်တော့ ယုံချင်တယ်ဗျာ။ ဒီအလံနဲ့ဆိုရင်တော့ တိုင်းပြည်တကယ် အကျိုးရှိမှာ အမှန်ပဲ။ မြင်ဖူးသလိုလိုမရှိလား။ သတိလေးမထားမိရင် ထပ်ပြောမယ်။

(၁) ဒေါင်းပါမည်။

(၂) ကြယ်ပါမည်။

(၃) အရောင်မှာ အနီရောင် အခြေခံမည်။

ဟုတ်ပြီနော်။ အချက်(၃)ချက်လုံး ဒီအလံနဲ့ အံကိုက်ပဲ။ ကဲ ဒေါင်းစကြာလုလင်ရဲ့ ဟောကိန်းလေးက မှန်တော့မှန်မယ်။ နည်းနည်းတော့ ကြာမယ်နဲ့တူတယ်။

8 comments:

Thursday, April 12, 2007

ဗမာပြည်၊ သင်္ကြန် နဲ့ နိုင်ငံရေးရာ

ဝန်ထမ်းများနှင့် အနုပညာရှင်များ နေပြည်တော် သင်္ကြန်တွင် ဆင်နွှဲရန်ညွှန်ကြား

ကြည်ဝေ | ဧပြီ ၁၀၊ ၂၀၀၇

စစ်အစိုးရ မြို့တော်သစ် နေပြည်တော်တွင် ရေသဘင်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ၀န်ထမ်းအားလုံး သင်္ကြန်ပိတ်ရက် ရေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲရန် နေရပ်များသို့ ပြန်ခွင့်မပြုသကဲ့သို့ အနုပညာရှင်များကိုလည်း လာရောက် ဖျော်ဖြေရန် ညွှန်ကြားထားကြောင်း သိရသည်။

အပြည့်အစုံကို ဧရာဝတီမှာ ဖတ်နိုင်ပါတယ်။

ကဲ ဘာပြောချင်ကြလဲ။ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး။ ဒီမိုကရေစီ၊ ဒီမိုကရေစီ။ တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေး။ အဟမ်း…….မောမယ်။

ကျနော်တို့တွေ အနိုင်ကျင့်သမျှ ငြိမ်ခံနေလို့တော့ ဒါမျိုးတွေ နောင်မျိုးဆက်ပေါင်းများစွာ ခံကြရဦးမယ်။ တခုခုလုပ်ရင် တခုခုဖြစ်မှာ ကြောက်တိုင်းလည်း ဘာမှမလုပ်ပဲ မနေသင့်ပြန်ဘူး။ ဗမာတွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း၊ မတရားတဲ့ အမိန့်အာဏာတွေကို ဆန့်ကျင်ကြောင်း တတ်နိုင်သမျှ ပြကြရမယ်။ ဒီနေရာမှာ ကျနော်ပြောချင်တာက ဆန္ဒပြ လမ်းပေါ်ထွက်အော်ဖို့ မဟုတ်။ တဦးချင်း တဦးချင်း လုပ်နိုင်သလောက်လုပ်တာကို ပြောချင်တာဖြစ်တယ်။

ဘာလုပ်ကြမလဲ။ လုပ်နိုင်တာတွေ သိပ်ကိုများတယ်။ အနီးဆုံးတော့ သင်္ကြန်ပေါ့။ တတိုင်းပြည်လုံး ပျော်ကြ၊ ကဲကြမယ်။ ဒီအချိန်မှာ သူတို့ကို အထီးကျန်ဆန်အောင် ပစ်ထားနိုင်ရမယ်။ သူတို့တတွေရဲ့ ပွဲလမ်းသဘင်တွေကို အားမပေးသင့်ဘူး။ သူတို့တွေရဲ့ မဏ္ဏပ်တွေမှာ သွားမပျော်သင့်ဘူး။ အဲဒီနေရာတွေမှာ လူတွေခြောက်ကပ်နေတာဟာ လူထုက သူတို့ကို ဆန့်ကျင်တယ်ဆိုတာ ထင်ရှားစေတယ်။ ဒါ ဘယ်သူမှ ဒုက္ခမရောက်ပဲ ဆန့်ကျင်ခြင်းပဲ။ ဒီလောက်လေးတော့ ဗမာပြည်သားတိုင်း လုပ်နိုင်သင့်တယ်။ လုပ်နိုင်ရမယ်။

အနုပညာရှင်တွေ အနေနဲ့လည်း ခေါ်တိုင်း သွားစရာမလိုဘူး။ ဇာဂနာလို သတ္တိတွေရှိကြသင့်တယ်။ အဲဒီလောက်မရှိလည်း ဖျားတယ်၊ နာတယ်ဆိုရင် ဘာမှတတ်နိုင်မယ်မဟုတ်ဘူး။ အနုပညာရှင်တိုင်း ညီညွတ်ရင် ဒီအမိန့်ဟာ သဲထဲရေသွန်ဖြစ်သွားမှာပဲ။ ကပ်ဖားရပ်ဖား အကယ်ဒမီ လိုချင်တဲ့ သူများကတော့ သွားကြလိမ့်မပေါ့။

အခါကြီး ရက်ကြီးမှာ နိုင်ငံရေးတွေ မပြောပါနဲ့၊ မလုပ်ပါရစေနဲ့ ဆိုတဲ့ လူတွေရှိလိမ့်မယ်။ ဟုတ်ကဲ့…ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်တော်လှန်ရေးတုန်းက “၂-ပတ်ပဲ တော်လှန်မယ်၊ သင်္ကြန်ကျရင် စစ်မတိုက်ဘူး”လို့ ပြောခဲ့ဘူးသလား။ ကမ္ဘာစစ်ပွဲတွေမှာ နှစ်သစ်ကူးမို့လို့ ခရစ္စမတ်မို့လို့ ဟိုဘက်ဒီဘက် မချကြေးလို့ စစ်ဗိုလ်ချုပ်တွေ သဘောတူခဲ့ဘူးသလား။ အဖိုး အဖွားတွေ ရှိသေးရင် မေးကြည့်ပါ၊ ဗမာပြည်ဟာ ဒုတိယကမ္ဘာစစ်တုန်းက “ခရစ္စမတ် လက်ဆောင်” ဆိုပြီး ဗုန်းတွေဘယ်လို အကြဲခံခဲ့ရဖူးတယ် ဆိုတာ။

တိုက်ပွဲတပွဲ တိုက်ပြီဆိုရင် ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ရတဲ့အခွင့်အရေးကို ယူတိုက်ရတယ်။ နိုင်ငံရေးဆိုတာ ကျည်ဆန်မပါတဲ့ တိုက်ပွဲပဲ။

ဝန်ခံရှင်းလင်းချက်။ ။ ဤစကားလုံးတိုင်းသည် စာရေးသူ၏ ယုံကြည်ချက်၊ ခံယူချက်များသာဖြစ်သည်။ သဘောတူခြင်း၊ မတူခြင်းသည် စာဖတ်သူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သည်။

2 comments:

Wednesday, April 11, 2007

ကံဆိုးကာစ ဗမာပြည် (၆)

ကြံ့ခိုင်ရေးအသင်းများသို့ ညွှန်ကြားချက်

လူထုမေတ္တာ ကြိုးပမ်းကြပါ

နိုင်ငံတော် ကြံ့ခိုင်ရေးအသင်းများသို့ ဗဟိုအမှုဆောင်ကောင်စီ၏ ညွှန်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်၏။

……………………………………………………………………နိုင်ငံတော်ကြံ့ခိုင်ရေးအသင်းကြီးသည် အသင်းကြီးစတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံတော်၏ အဓွန့်ရှည်ရေး၊ နိုင်ငံတော် စည်းလုံးညီညွတ်ရေး၊ လူ့ကျင့်ဝတ် ထိန်းသိမ်းရေး၊ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေရပ်ရွာ ဖွံ့ဖြိုးစည်ပင်ရေး၊ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် အစဉ်တစိုက် ဆောင်ရွက်ကြိုးပမ်း လုပ်ကိုင်လာကြခြင်း ဖြစ်ပေသည်။


………………………………………………

……………………..


၁၉၆၂ ခု၊ မတ်လ ၂-ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ တပ်မတော်မှ တာဝန်ယူစောင့်ရှောက်ပြီး နိုင်ငံတော် တော်လှန်ရေး ကောင်စီနှင့် တော်လှန်ရေးကောင်စီ၏ အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်၏ ကျေညာချက် ထွက်ပေါ်လာပြီးသည့်နောက် တော်လှန်ရေးကောင်စီ၏ အုပ်ချုပ်ရေးအစိုးရ ဖွဲ့စည်းလိုက်သောအခါ နိုင်ငံတော်ကြံ့ခိုင်ရေးအသင်း ဗဟိုအမှုဆောင် ကောင်စီဝင် လူကြီးများ အစိုးရအဖွဲ့တွင် ပါဝင်လျက်ရှိသည်ကို တွေ့ကြရမည် ဖြစ်ပါသည်။


ရှောင်ကြည်ကြရန်

ယင်းသို့ ဗဟိုအမှုဆောင် ကောင်စီဝင် လူကြီးများ အစိုးရအဖွဲ့တွင် ပါဝင်နေခြင်း၊ အစိုးရ အမှုထမ်းများသည် ကြံ့ခိုင်ရေးအသင်း၏ ဦးစီးအဖွဲ့ဝင်များအဖြစ် အသင်းဝင်များ ပါရှိနေခြင်းဟူသည့် အကြောင်းအချက် များကြောင့် နိုင်ငံတော် ကြံ့ခိုင်ရေးအသင်းဝင်များသည် အခွင့်အရေးယူခြင်း ၀င့်ကြွားမောက်မာခြင်း စသည်တို့ကို ကိုယ်အမူအရာဖြင့်သော်၎င်း နှုတ်အမူအရာဖြင့်သော်၎င်း မပြုလုပ်မိကြစေရန် အထူးရှောင်ကြဉ်ကြ စေလိုပါသည်။


………………………………………….ဤနေရာ၌ နိုင်ငံတော် ကြံ့ခိုင်ရေးအသင်းများက ဦးစီး၍ မီးကင်းဖွဲ့ခြင်း၊ ကာကွယ်ရေးကင်းများ ဖွဲ့ခြင်း ခြံစည်းရိုးခတ်ခြင်း သန့်ရှင်းရေးလုပ်ငန်း လုပ်စေခြင်းစသည်တို့မှာ လူထုအကျိုးစီးပွား အတွက် လိုအပ်သည့် ကိစ္စရပ်များ ဖြစ်သော်လည်း အတင်းအကြပ် အမိန့်အာဏာသုံး၍ ပြုလုပ်စေခြင်းတို့ကို လုံးဝ ရှောင်ကြဉ်ရပေမည်။ ဆန္ဒအလျောက် လုပ်ကိုင်လိုသော အခါမှသာ လူထုကိုယ်တိုင် ဦးစီးစေလျက် ဆောင်ရွက်သင့်ပေသည်။


……………………………………………ကြံ့ခိုင်ရေးအသင်းများ အနေနှင့် ရပ်သူရွာသားကို အမိန့်အာဏာပေး၍ စေခိုင်းနိုင်ခွင့် မရှိပါ။ အမိန့်အာဏာ အသုံးပြုခြင်းမှာလည်း ကြံ့ခိုင်ရေး အသင်းများနှင့် သက်ဆိုင်ခြင်းမရှိပါ။


………………………………………….

…………………………………


နိုင်ငံတော်ကြံ့ခိုင်ရေးအသင်းသည် တိုင်းပြည်အတွက်ဖြစ်သည်၊ တိုင်းပြည်သည် ကြံ့ခိုင်ရေးအသင်းအတွက် မဖြစ်စေရ။ ကြံ့ခိုင်ရေး အသင်းများသည် ရပ်ရွာလူထု၏ မေတ္တာနှင့် ယုံကြည်ကိုးစားမှုကို အစဉ်ထာဝရ ခံယူနိုင်သော အသင်းဖြစ်အောင် အသင်းဝင်တိုင်းက ကြိုးပမ်းလုပ်ဆောင်သွားကြရန် အလေးအနက် ညွှန်ကြားအပ်ပါသည်။

ဗဟိုအမှုဆောင်ကောင်စီ

နိုင်ငံတော်ကြံ့ခိုင်ရေးအသင်း

၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၁၈၁-၁၈၅)

အသင်းနာမည်လေးက ကြားဖူးသလိုလိုလေး မရှိလား။ အသင်းက လူကြီးတွေ အစိုးရအဖွဲ့က လူကြီးတွေ ဖြစ်နေတာကလည်း တူသလိုလိုလေး မရှိလား။ ဆန်းပေ့ ဆန်းပေ့။ ဒီလိုနာမည်နဲ့ ဒီလိုအသင်းရှိခဲ့တာ ခုမှသိတော့တယ်။ ဘယ်လိုက ဘယ်လို ဖြစ်ပါလိမ့်လေ။ အဲ…..ညွှန်ကြားချက်လေးကတော့ အမိုက်စားနော်။ ဖတ်လိုက်တာနဲ့ မနောခွေ့သွားတာပဲ။

0 comments:

Tuesday, April 10, 2007

ကံဆိုးကာစ ဗမာပြည် (၅)

ရန်ကုန် မတ် ၁၀။ စစ်စည်းကမ်းထိန်းသိမ်းမှု ညွှန်ကြားချက်တရပ်ကို ယမန်နေ့က

စစ်ရုံးချုပ်မှ ထုတ်ပြန်လိုက်ရာ ၄င်းကျေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ဂရုပြုထိန်းသိမ်းကြ

တပ်မတော်မှ ဦးစီးခေါင်းဆောင်များ ပါဝင်သော တော်လှန်ရေးကောင်စီသည် ၂-၃-၆၂ ရက်နေ့မှစ၍ နိုင်ငံတော်အား ထိန်းသိမ်းအုပ်ချုပ်နေပြီဖြစ်ရာ တပ်မတော် (ကြည်း-ရေ-လေ) အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများသည် ယခင်အခါများထက် စည်းကမ်းကို ပိုမိုကြပ်တည်းစွာ ထိန်းသိမ်းကြရမည်။ ……………..

ကိုယ့်ကိုနှိမ့်ချ

ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ချိုသာပြေပြစ်စွာ ပြောဆိုဆက်ဆံပါ။ အပေါ်စီးနှင့် မောက်မာသော အပြုအမူကို လုံးဝ ရှောင်ရှားပါ။ တတ်နိုင်သမျှ မိမိကိုယ်ကို နှိမ့်ချ၍ ဆက်ဆံပါ။ အများပြည်သူနှင့် ပတ်သက်သော နေရာဒေသ ဋ္ဌာနများတွင် စစ်ယာဉ်ကြီးများဖြင့် ၀င်ထွက် သွားလာခြင်းမျိုး မရှိအောင် သတိပြုကြရမည်။ မြို့ပြဘက် အုပ်ချုပ်မှု၊ တရားစီရင်မှု ဋ္ဌာနများ၏ လုပ်ငန်းဆောင်တာများတွင် တာဝန်မဲ့ ၀င်ရောက် ပြောဆို စွက်ဖက်ခြင်း မပြုရ။ အများပြည်သူနှင့် ဆက်ဆံလျက် တာဝန်ဆောင်ရွက်ရသော အခါမျိုးတွင်လည်း လိုသည်ထက်ပိုသော အခွင့် အာဏာကို မသုံးပါနှင့်။ နိုင်ငံတော်အတွင်းရှိ လူမျိုးစု အသီးသီးနှင့် ဆက်ဆံရသော တပ်မတော်သားများသည် သက်ဆိုင်ရာ လူမျိုးစုများ၏ ဓလေ့ထုံးတမ်းဘာသာကို သိရှိလေးစားပါ။ ထိုသို့သော လူမျိုးစုများနှင့် ဆက်ဆံရာ၌ တပ်မတော်သားတိုင်းသည် မိမိကိုယ်ကို တပ်မတော်၏ ကိုယ်စား ပြည်ထောင်စုသားအချင်းချင်း ရင်းနှီးမှု စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရသော သံတမန်အဖွယ် သဘောထားကာ ဆောင်ရွက်ရမည်။

၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၁၇၉-၁၈၀)

အင်မတိအင်မတန် အနှစ်သာရအားဖြင့်ကောင်းတဲ့ ညွှန်ကြားချက်လေးပါ။ တကယ်လိုက်နာ ကျင့်သုံးခဲ့ရင် ဗမာပြည်ဟာ ခုလို အခြေအနေ ရောက်နေမယ်မထင်ဘူး။

1 comments:

Wednesday, April 04, 2007

ကံဆိုးကာစ ဗမာပြည် (၄)

အထောက်တော် ထံမှ

ရန်ကုန် မတ်(၉)။………………

နိုင်ငံတော် တော်လှန်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီခွဲက နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ခန်းမဆောင်တွင် ပြုလုပ်သည်။………………..

………….သတင်းစာ ရှင်းလင်းပွဲ စလျှင်စခြင်း ဗိုလ်မှူးချုပ်အောင်ကြီးက စတင်ပြောသည်။

အမျိုးသား ဦးသန်းထွန်း။ ။ လေးနှစ်စီမံကိန်းတွေ ရပ်လိုက်တဲ့အတွက် တရုပ်နီချေးငွေ လိုသေးသလား။

ဗိုလ်မှူးချုပ်အောင်ကြီး။ ။ လိုတာပေါ့။ တရုပ်နီ ချေးငွေရော ဂျပန်စစ်လျော်ကြေးရော။ ငွေရသမျှ ယူရမှာဘဲ၊ နှောင်ကြိုးမပါဘူးဆိုရင် ရုရှားဘဲဖြစ်ဖြစ်၊ အမေရိကန်ဘဲဖြစ်ဖြစ် ဘယ်နိုင်ငံက ငွေကိုမဆို ယူမယ် (ပြည်ပ အားကိုးနေပြီ။ အဖျက်သမား၊ အဖျက်သမား။)

…………………………

………………………………

သမာဓိဦးမောင်မောင်။ ။ တော်လှန်ရေးကောင်စီ အစိုးရရဲ့ စီမံကိန်းတွေဟာ နှစ်ရှည် စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစိုးရဟာ နှစ်အတော်ကြာကြာ အာဏာယူထားလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်

ဗိုလ်မှူးချုပ်အောင်ကြီး။ ။ ၁၉၅၈-ခုနှစ်ကလဲ ဒီလိုလုပ်ခဲ့တာပဲ။ အာဏာလွှဲချိန်တန်တော့ လွှဲပေးတာဘဲ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက် တခုသာ ဖြစ်ပါတယ်။ ရေရှည် လုပ်ငန်းတွေ ချမှတ်ထားလို့ ရေရှည် အာဏာယူထားလိမ့်မယ်လို့ အဓိပ္ပာယ် မကောက်ယူနိုင်ပါဘူး။ တိုင်းပြည် တည်ငြိမ်တဲ့ အချိန်ရောက်ရင် ပြန်အပ်မယ်။ ဘယ်လောက်ကြာမှ တည်ငြိမ်မယ်ဆိုတာကိုတော့ အခု ခုနစ်ရက် ရှစ်ရက် သက်တမ်းနဲ့ မပြောနိုင်ပါဘူး။ ပြောရင်လဲ ရိုးဖြောင့်တဲ့ စကားလို့ မထင်နိုင်ဘူး (ဒီ တကြောင်းဘဲ ရိုးဖြောင့်တာ)

…………………………

………………………………

မြန်မာ့အလင်းဦးသန်းညွန့်။ ။ ဘမ်းထားတဲ့ လူတွေကို ဘယ်လို စီရင်ချက်ချမလဲ၊ ပြန်လွှတ်မလား သူတို့အိမ်သားတွေနဲ့ တွေ့ခွင့်ပေးမလား။

ဗိုလ်မှူးချုပ်အောင်ကြီး။ ။ ထိန်းသိမ်းထားဆဲပါဘဲ။ အိမ်သားတွေနဲ့ တွေ့ခွင့်ပေးဘို့ကိုလဲ စီစဉ်နေဆဲပါဘဲ။ (ဖြေပုံများတော့ ခုခေတ်နဲ့ ခတ်ဆင်ဆင်)

…………………………

………………………………

ဂါဒီယံဦးစိန်ဝင်း။ ။ သတင်းစာဆရာ ငါးဦးကော်မီတီအစား အစီရင်ခံပါရစေ။ သတင်းစာတွေနဲ့ ပတ်သက်လို့ မပြီးပြတ်သေးတဲ့ ဥပဒေတခု တန်းလန်းဖြစ်နေပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရကလဲ သတင်းစာတွေကို လွတ်လပ်ခွင့်ပေးမယ်ဆိုတော့ ဒီဥပဒေကို ဆောင်ရွက်ပေးဘို့ တောင်းပန်ပါတယ်၊ နောက်တခုက ကြယ်နီသတင်းစာ အမှုဖြစ်ပါတယ်။ သတင်းစာတွေ အားလုံးရဲ့ အမှုတွေကို ပထစ အစိုးရ ပြန်ရုပ်သိမ်းပေးတုန်းကလဲ ကြယ်နီသတင်းစာရဲ့ အမှု မေ့ကျန်ခဲ့ပါတယ်။ ဒေါက်တာအေးမောင်ကို ပြောတော့ မေ့ကျန်ခဲ့လို့ပါ။ ပြန်ရုပ်သိမ်းပေးပါ့မယ်လို့ ပြောခဲ့ပါတယ်။ ဒီကိစ္စမပြီးပြတ်မီ အစိုးရ အပြောင်းအလွဲ ဖြစ်တာပါဘဲ။ ဒီကိစ္စနှစ်ခုကိုတော့ စဉ်းစားပေးပါ။

ဗိုလ်မှူးချုပ်အောင်ကြီး။ ။ သတင်းစာဥပဒေကိစ္စ ဦးစားပေး စဉ်းစားမယ်။ ကြယ်နီအမှုကိုတော့ ရုပ်သိမ်းပေးပါမယ်။ ကဲ ဗိုလ်မှူးကြီးစောမြင့်က တချက်နှစ်ချက်လောက် မေတ္တာရပ်ခံချင်ပါတယ်လို့ ကျနော့ကို ကပ်ပြောနေပါတယ်။

ဗိုလ်မှူးကြီးစောမြင့်။ ။ သတင်းစာလုပ်ငန်းကိုတော့ ကျနော် ကောင်းကောင်းနားမလည်ပါဘူး။ သတင်းစာတွေကို ဆင်ဆာမလုပ်ဘူး။ လွတ်လပ်ခွင့်ပေးမယ်လို့ သတင်းစာငါးဦးကော်မီတီကို ကျွန်တော်တို့ ပြောခဲ့ပါတယ်။ သတင်းစာ တွေကလဲ ကျနော်တို့နဲ့ ပူပေါင်းဆောင်ရွက်လိမ့်မယ်လို့ မြှော်လင့်ထားပါတယ်။ ထောက်ခံရမယ်လို့ မဆိုလိုပါဘူး။ ယုံကြည်တာကို ဝေဖန်နိုင်ပါတယ်။ သတင်းစာ တစောင် နှစ်စောင်လောက်ကလွဲပြီး ကျန်သတင်းစာအားလုံး ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာ ထိန်းသိမ်း တာကို တွေ့ရလို့ ကျေးဇူးတင်ပါတယ်၊ သတင်းရေးတာဟာ သတင်းသာ ဖြစ်သင့်ပါတယ်။ ထောက်ခံမှု ကန့်ကွက်မှု ဆိုတာ သတင်းနဲ့ မဆိုင်ပါဘူး။အာဘော်တို့ ဆောင်းပါးတို့ သတင်းနဲ့ မှတ်ချက်တို့ကနေပြီး ထောက်ခံမှု ကန့်ကွက်မှု ပြုလုပ်နိုင်ပါတယ်။ ကျနော့် အယူအဆမှားရင်လဲ သည်းခံပါ။ သတင်းစာ တစောင် နှစ်စောင်ကတော့ သတင်းထဲမှာ ထင်မြင်ချက်တွေ ထည့်ရေးနေတာ တွေ့ရပါတယ်။ ပြည်သူလူထု ချောက်ချားစေမှု ယုန်ထင်ကြောင်ထင်ဖြစ်စေမှု ကိုတော့ ရှောင်ကြဉ်ဆင်ခြင်ကြစေချင်ပါတယ်။

ဂါဒီယံဦးစိန်ဝင်း။ ။ စေတနာနဲ့ ရိုးရိုးသားသား မှားသွားတာမျိုးလဲဖြစ်နိုင်ပါတယ်။ ……..သတိပေးသင့်တာရှိရင် ပေးပါ။ တိုင်ပင်သင့်တာကို တိုင်ပင်ပါ. အကူအညီပေးပါမယ်။ စေတနာနဲ့ ရိုးရိုးမှားတာမျိုးလဲ ရှိပါတယ်။ ပြင်းထန်တယ်ထင်ရင်တော့ သတိပေးပါ။ ကျနော်တို့ သတင်းစာ ဥပဒေကလေးကိုလဲ ပြီးပြတ်အောင် လုပ်ပေးပါ။

ဗိုလ်မှူးကြီးစောမြင့်။ ။ ပြန်ကြားရေးဌာနကို သတင်းစာတိုက် တတိုက်လိုဖြစ်လာအောင် လုပ်မယ်။ …………………………ဦးစိန်ဝင်းပြောတာတွေကိုလဲ လက်ခံပါတယ်။ ဆွေးနွေးတန်တာ တိုင်ပင်တန်တာတွေကို တိုင်ပင်ပါ့မယ်။


၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၁၆၃-၁၆၄၊ ၁၆၆၊ ၁၆၉-၁၇၃)


ဒီမိုကရေစီ အကြွင်းအကျန်လေးတွေကို ဒီအမေးအဖြေမှာ မြင်ကြမှာပါ။ ဦးစိန်ဝင်းအနေနဲ့ ယုံကြည်ချက်ခံယူချက်အတိုင်း ပွင့်ပွင့်လင်းလင်း သတင်းစာတွေရဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ အာဏာရှင်တွေကို တုံ့ပြန်မေးခွန်းထုတ်တာ ဖြေရှင်းတာနိုင်တာတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေပေါ့လေ။

Tuesday, April 03, 2007

ကံဆိုးကာစ ဗမာပြည် (၃)

အထောက်တော် သတင်းစဉ်မှ

ရန်ကုန် မတ်(၈)။………………ကုန်သွယ်မှု တိုးတက်ရေးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်အောင်ကြီးက ကုန်သည်ကြီးပေါင်းစုံကို ယနေ့ ပြောဆိုသည်။

………………………………………

……………………………………………….

ပြဿနာ အရပ်ရပ်ကို တော်လှန်ရေးကောင်စီ အစိုးရအနေနဲ့ သေသေချာချာ မလေ့လာရသေးဘူး။ ကုန်သည်တွေနဲ့ တွေ့ဆုံဆွေးနွေးတာဟာလဲ ဒါပထမအကြိမ် ဖြစ်ပါတယ်။ အစိုးရနဲ့ ကုန်သည်တွေဟာ တလှေထဲစီး တခရီးထဲ သွားကြမဲ့လူတွေ ဖြစ်တဲ့အတွက် မေးချင်တာကို ပွင့်ပွင့်လင်းလင်း မေးပါ။ ဆွေးနွေးချင်တာကို ပြည့်ပြည့်စုံစုံ ဆွေးနွေးပါ။ ခင်ဗျားတို့က အရင်ပြောကြ၊ နောက်မှ ကျွန်တော်ပြောမယ်။(ဒါပါပဲ၊ သိချင်တာတွေ မေးကြ၊ လိုချင်တာတွေ ပြောကြ။ ညွှန်ကြားချက်ထဲမှာ ပါရင်ဖြေမယ်။ မပါရင် မဖြေဘဲ ခပ်တည်တည် ရူးချင်ယောင်ဆောင်လိုက်မယ်)……………..

………………………………………

……………………………………………….

ဦးဘရိပ်။ ။ ကျနော်တို့လိုချင်တာက ကုန်ဈေးနှုန်း ကျဘို့နဲ့ လူထုသက်သာချောင်ချိဘို့ဘဲ ဖြစ်ပါတယ်။ သမ၀ါယမ၊ ထောက်ပံ့ရေး၊ ဖက်စပ်၊ ကုန်သည်တို့ အပြိုင်အဆိုင်လုပ်မှ ဖြစ်နိုင်ပါတယ်။

ကုန်ဈေးနှုန်း တက်တယ်ဆိုတာ စီးပွားရေး လုပ်ငန်းများမှာ အစိုးရက သွယ်ဝိုက်ပြီးဝင်ဝင် တိုက်ရိုက်ပဲ ၀င်လုပ်လုပ်။ များများဝင်လုပ်ရင် များများ ဈေးတက်ပါတယ်(အင်း..မသိသူများမှတ်လော့)။ အခု ထောက်ပံ့ရေးက လုပ်နေတဲ့ ပစ္စည်းတွေဟာ အရင် ကုန်သည်တွေ လုပ်တုန်းကနဲ့ မတူအောင် ဈေးတက်ကွာခြားနေပါတယ်။ အဲဒါကြောင့် သမ၀ါယမ၊ ဖက်စပ်၊ ထောက်ပံ့ရေးနဲ့ ကုန်သည်တို့ အပြိုင်ကပ်နိုင်ဘို့ လိုပါတယ် လုပ်နိုင်အောင်လဲ လုပ်ပေးပါ။

(ဦးဘရိပ် မေးပြီးတော့ ဦးအောင်ချိန်(ကုန်သည်)က သွင်းကုန် ထွက်ကုန် ကိစ္စ မေးပါတယ်။ ဦးအောင်ချိန်မေးပြီးမှ ဗိုလ်မှူးချုပ်အောင်ကြီးက “အဲ ဟုတ်ပြီ ဦးအောင်ချိန် မေးခွန်းကို အရင်ဖြေမယ်။” ဆိုပြီး ဖြေလိုက်တာ ဦးဘရိပ်မေးခွန်းကို လုံးဝ မဖြေခဲ့ပါဘူး။ ရူးချင်ယောင်ဆောင်သွားတယ်ပေါ့။)

ဗိုလ်မှူးချုပ်အောင်ကြီး။ ။………………………………

……………………………………

ထွက်ကုန်လုပ်ငန်း တွင်ကျယ်အောင်လဲ ဆန်ကို ဦးစားပေးသလို အခြားအသီးအနှံ ထွက်ကုန်တွေကို ဦးစားပေးလုပ်မယ်။ ဆိုရှယ်လစ် စီးပွားရေးစံနစ်နဲ့ လုပ်သွားမယ်။

ဆိုရှယ်လစ်ဝါဒနဲ့ သွားမယ်ဆိုလို့လဲ လုပ်ငန်းအားလုံးကို အစိုးရက သိမ်းလိမ့်မယ်လို့ မထင်စေချင်ဘူး(ဤနေရာတွင် ဗိုလ်မှူးချုပ်အောင်ကြီး စကားထစ်ကောင်း ထစ်ခဲ့လိမ့်မည်)၊ အဲဒီလို လုပ်ဘို့ လုပ်အား၊ ငွေအား၊ လူအားလဲ မရှိသေးဘူး။ ပြည်တွင်းဖြစ် ကုန်ကြမ်းကို ပြည်တွင်းမှာဘဲ အချောပြန်ဖြစ်အောင်၊ နိုင်ငံခြားသားတွေက စက်မှု လက်မှု လုပ်ငန်း အသေးစား၊ အပေါစားတွေ လုပ်မယ်ဆိုရင် အစိုးရက အားပေးမယ်။ ဒီလို အားပေးလို့ တိုင်းရင်းသားတွေက မတွန့်တိုစေချင်ဘူး (ဒါပေါ့၊ အကုန် အောင်မြင်ပြီဆိုမှ ပြည်သူပိုင်သိမ်းမှာလေ)

………………………………………

……………………………………………….

ကျွန်တော်တို့ နိုင်ငံက လွတ်လပ်လို့ ၁၆နှစ်ပတ်လည်၊ ၁၆-ခါလည် ရှိပါပြီ၊ အခုအချိန်ထိ လေးဘက်သွားတုန်း၊ စကားလဲ မပီသေးဘူး၊ ရှက်စရာကောင်းလှပါတယ်(၆၀ ခါလည် ရှိတဲ့ အချိန်မှာတော့ လေးဘက်တောင် မသွားတတ်တော့ပါလား။ ဘယ်ဝန်ကြီးမှလည်း မရှက်ကြပေါင်)။……

၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၁၅၀-၁၅၃၊ ၁၅၅၊ ၁၅၇)

0 comments:

Sunday, April 01, 2007

ကံဆိုးကာစ ဗမာပြည် (၂)

……………………..တော်လှန်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သော ဗိုလ်မှူးချုပ်အောင်ကြီးက မြန်မာနိုင်ငံတွင် ရုတ်တရက် အာဏာ အပြောင်းအလဲ ဖြစ်သွားခြင်းနှင့် ပတ်သက်၍ ကိုယ်တွေ့မျက်မြင် သတင်းယူရန် ရောက်ရှိလာကြသော အမေရိကန်တိုင်း မဂ္ဂဇင်း၊ နယူးယောက်တိုင်းသတင်းစာ၊ လန်ဒန် ဒေးလီးတယ်လီဂရပ်၊ လန်ဒန် ဒေးလီးအိပ်(စ်)ပရက်၊ လန်ဒန်တိုင်း၊ တိုကျိုမိုင်း ရေနိချိ၊ အေပီ၊ တရုပ်ပြည်သစ် သတင်းဌာန၊ ရုရှားတပ်(စ်) သတင်းဌာန၊ ရိုက်တာ၊ အေ အက်(ဖ်) ပီ အပါအ၀င် နိုင်ငံခြား အသီးသီးမှ သတင်းစာ ဆရာပေါင်း (၁၇) ဦးတို့အား၊ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၁ နာရီခန့်အထိ တော်လှန်ရေး ကောင်စီအဖွဲ့ဝင် ပြန်ကြားရေး ၀န်ကြီးဌာန၊ တာဝန်ခံ ဗိုလ်မှူးကြီး စောမြင့်နှင့် အတူ ဒဂုံရိပ်သာတွင် တွေ့ဆုံ၍ သတင်းစာဆရာများနှင့် ရင်းရင်းနှီးနှီး လွတ်လွတ်လပ်လပ် ဆွေးနွေးခြင်း ပြုကြကြောင်း။

…………………………………………………

………………………………………………………….

အခြေခံဥပဒေ ပြုပြင်မည်။

တော်လှန်ရေးကောင်စီသည် လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အခြေခံ မူလ အနှစ်သာရများဖြစ်သော ဆိုရှယ်လစ် စီးပွားရေးစံနစ်ရည်မှန်းချက်နှင့် ဒီမိုကရေစီ စံနစ်ကို ပစ်ပယ်မည် မဟုတ်ပါ(ဟိုတုန်းကလည်း မပစ်ပယ်ဘူး၊ ခုခါလည်းဘဲ မပစ်ပယ်ဘူး၊ ဘယ်တော့မှလည်း သုံးမယ် မဟုတ်ဘူး)၊ သို့သော် လက်ရှိ အခြေခံ ဥပဒေတွင် များလှစွာသော ချွတ်ယွင်းချက်များကိုမူ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်း တိုင်ပင်၍ ပြုပြင်သွားစရာ ရှိပါသည်ဟု ဆက်လက်မိန့်ကြားပါသည်။

…………………………………………………

………………………………………………………….

တော်လှန်ရေးကောင်စီအစိုးရသည် အချိန်ကာလ ဘယ်ရွေ့ဘယ်မျှ အုပ်ချုပ်သွားဘို့ ရည်ရွယ်ချက် ရှိပါသလဲ ဟူုသော မေးခွန်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်က ဤမေးခွန်းကို ဖြေကြားရန် စောလွန်းလှပါသေးသည်ဟု ဖြေကြား၍ (နအဖ အနေနဲ့ Road Map ၇ချက် ဘယ်တော့ ပြီးမယ်ဆိုတာ ဖြေကြားရန် စောလွန်းလှပါသည်)ဖမ်းဆီးထားသူများ အပေါ် သဘောထားကို သတင်းစာ ဆရာတဦးက မေးမြန်းရာတွင် ဦးဝင်းမောင်နှင့် ဦးနု အပါအ၀င် အဘမ်းခံထားရသူ အားလုံးအား ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပါသည်ဟု ဗိုလ်မှူးချုပ် အောင်ကြီးက ဖြေကြားပါသည်။

၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၁၄၅-၁၄၈)

0 comments: