Monday, March 05, 2007

ဟေ၀န်တောင်က ကိုးတောင်ကျား

ဆရာဦးတင်မိုး အမှတ်တရ သူ့ရဲ့“ပုဂံကျောင်းက ခေါင်းလောင်းသံ” ကဗျာစာအုပ်ထဲက ကဗျာတပုဒ်ကို ဝေငှလိုက်ပါတယ်။ ၁၉၇၇ ဇူလိုင်လမှာ တန်ဖိုး ၅ ကျပ်နဲ့ အမေ့ကျောင်းစာစဉ်က ထုတ်ဝေပြီး ပန်းပေါင်းတရာက ဖြန့်ပါတယ်။ မျက်နှာဖုံးပန်းချီ ပေါ်ဦးသက်ပါ (နောက်မှ မျက်နှာဖုံးကို တင်ပေးပါအုံးမယ်)။

ဟေ၀န်တောင်က ကိုးတောင်ကျား

ဝါးရုံရိပ်၌
အိပ်နေသောကျား၊ ဆိပ်လူးမြားနှင့်
တအားပစ်မည် ရွယ်ချေပြီ။

ငဒုဿီအို၊ သောနုတ္ထိရ်ကား
ကျားကိုပစ်ရန်၊ သူမကြံခဲ့
ဆန္ဒန်ဆင်မင်း၊ မြားနှင့်ခွင်း၍
ထုတ်ချင်းဖောက်ရန် လာသတည်း။

ကျားအိုကြီးကား
အထီးကျန်ကာ၊ ဟေ၀န္တာ၌
မာနနှင့်ကြိမ်း၊ တဟိန်းဟိန်း။

ကျားအိုကြီးကား
မီးလိုဝင်းဝင်း၊ မျက်လုံးတွင်းက
ခြင်းခြင်းတောက်လောင်၊ ငါလိုကောင်ဟု
မာန်စောင်တင်းတင်း၊ တဟင်းဟင်း။

ဟိန်းသံဟင်းသံ၊ တောလုံးညံလည်း
အမှန်မှာကား၊ ကြွက်အလားသို့
စိတ်အားငယ်လျက် ရှိချေပြီ။

ဝါးရုံရိပ်၌
အိပ်သာအိပ်ရ၊ စိတ်မချ။

ဝါးရုံရိပ်၌
ထိပ်လိုက်လန့်လိုက်၊ ထပြေးလိုက်နှင့်
နောက်လိုက်မှာကား၊ သမီးသားနှင့်
မယားမျှသာ၊ သူ့ကမ္ဘာ။

ဝါးရုံရိပ်၌
အရိပ်ကိုပင်၊ ရန်သူထင်လျက်
ရန်သူကိုပင်၊ အရိပ်ထင်လျက်
အမြင်မှုန်ဝါး၊ အထင်မှား။

မြင်လိုက်ဝါးလိုက်၊ ထင်လိုက်မှားလိုက်
တွေ့ရာကိုက်သော်
နောက်လိုက်ကဖဲ၊ ဖဲသူမဲနှင့်
လမ်းခွဲကိုမြင်၊ လမ်းလွဲဝင်သည်
လမ်းစဉ်လည်းပျောက်၊ ချောက်ထဲရောက်။

ချောက်ထဲရောက်လည်း
ဟောက်ချင်ဟိန်းချင်၊ သူ၏ဥာဉ်ကြောင့်
မြင်သမျှကြား၊ ရန်သူလားဟဲ့....
ငယ်သားနောက်လိုက်၊ သူ့ကိုကိုက်ဖို့
အငိုက်ကိုများ၊ ဖမ်းမလားဟဲ့....
ယုံမှားသောစိတ်၊ တထိတ်ထိတ်နှင့်
လိပ်ပြာငယ်လျက်ရှိချေပြီ။

သောနုတ္ထိုရ်ကား
တချုံခိုလျက်၊ တကုန်းတက်စဉ်
သူ့လက်တွင်းဝင်၊ သူ့ခွင်တွင်းရောက်
သူ့အောက်ဝပ်တွား၊ ကိုးတောင်ကျားကို
လက်ယားလျက်ရှိချေပြီ။

ဝါးရုံရိပ်၌
သမီးတကျိပ်၊ သားတကျိပ်နှင့်
အိပ်နေသောကျား၊ ပစ်ခဲ့ငြားက
မယားအိမ်က၊ မျက်နှာရလိမ့်။

ကျားအိုကြီးကား
နီးဝေးအမြင်၊ မကြည်လင်တော့
သူ့တွင် မျက်စိမှုန်ချေပြီ။

ဝါးရုံရိပ်၌
အိပ်မှုန်စုံမွှား၊ ကိုရွှေကျားလည်း
“နွားကိုကိုက်တာ၊ ကျွန်ုပ်ပါဗျ....
ရွာကိုနှောက်မွှေ၊ ကျွန်ုပ်လေဗျ....
လယ်မြေယာထဲ၊ ၀င်၍ဆွဲသည့်
ကျားရဲသမုတ်၊ အကျွန်ုပ်ဗျ....
ခု မဟုတ်ပါ၊ မဟုတ်ပါပြီ
ချမ်းသာပေးပါ့၊ ပေးပါဗျ” ဟု
စိတ်ကစွဲလမ်း၊ ထယောင်ယမ်းစဉ်
ငန်းဖမ်းသောကျား၊ ၀ါးရုံနား၌
မြှားဆိပ်ထိပ်တက်၊ ရန်သူ့လက်တွင်
ပက်လက်လန်၍ လဲသတည်း။

သောနုတ္ထိုရ်ကား
ကျားအိုတကောင်၊ ဟေ၀န်တောင်က
အချောင်ရခဲ့လေသတတ်။

(၁၈-၁-၇၃ မှ ၇-၂-၇၃)

(၂၁ ရာစု ကျားအိုကြီးတွေ ဒီကဗျာကို နားလည်ပါ့မလားမသိ။ ၂၀ရာစု ကျားအိုကြီးတော့ သူ့ကိုရေးလို့ ရေးမှန်းမသိ ဆုံးရှာပြီ။ ခံစားနားလည်နိုင်ကြပါစေ။)

0 comments: