Sunday, March 04, 2007

ခွင့်လွှတ်ပါ

ကျနော် တကိုယ်ကောင်းဆန်ပြီး စာမရေး ဖြစ်တာကြာပြီ။ သိပ်ကိုကြာပြီ။ တမျိုးသားလုံးကောင်းစားရေးအတွက် ဗမာပြည်မှာ၊ နိုင်ငံခြားမှာ လူပေါင်းမြောက်မြားစွာ စွန့်လွှတ်စွန့်စားပြီး လုပ်နေကြချိန်မှာ ကျနော်တယောက် ကိုယ့်ဘ၀အတွက် ပညာရေး၊ ကြီးပွားရေးတွေ လုပ်လို့ ဗမာပြည်ရဲ့ အနာဂတ်ကို ဥပက္ခာပြုထားခဲ့တယ်။

ဆန္ဒပြတဲ့လူတွေပြလည်း ကျနော်အားမပေးနိုင်။ လွတ်ပြန်တော့လည်း ၀မ်းသာမပေးနိုင်။ စင်ကာပူမှာ အခွန်ကိစ္စလုပ်ကြတော့လည်း အကူအညီမပေးနိုင်။ ဟိုတုန်းကလုပ်နိုင်တာတွေ မလုပ်ဖြစ်တော့ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်တယ်။ လုပ်နေကြတဲ့ လူတွေကိုလည်း အားနာတယ်။ သူတို့တွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ရှက်လည်းရှက်ပါရဲ့။

တခုပဲဖြေသာပါတယ်။ ဘာဆိုဘာမှ မလုပ်၊ တိုင်းပြည်ကိုမချစ်၊ လူမျိုးလည်းမချစ်၊ နိုင်ငံခြားမှာနေ၊ မင်းတို့ဘာလုပ်လုပ် ဘာမှ ဖြစ်မှာ မဟုတ်ဘူးဆိုပြီး ဗမာပြည်အရေးကို လုံးလုံးမကူညီ စိတ်မ၀င်စားတဲ့သူတွေထက်တော့ သာပါသေးတယ်လို့။ ၈၈မှာ ချာတိတ်ကျနော် ဆန္ဒပြပွဲ ၀င်နွှဲခဲ့တယ်။ သေနတ်သံတွေကြားပုန်းရှောင်ခဲ့ဖူးတယ်။ ၉၆ ကျောင်းသားလှုပ်ရှားမှုမှာ ပါခဲ့တယ်။ လှံစွပ်တပ် သေနတ်တွေနဲ့ စစ်တပ်ရဲ့ နံပါတ်တုတ်တွေနဲ့ အရိုက်ခံ၊ အဖမ်းခံရဖူးတယ်။ ၉၈မှာ ချခဲ့ပြန်တယ်။ သူငယ်ချင်းတွေ တဖြုတ်ဖြုတ်အဖမ်းခံရချိန်မှာ ညညအိမ်ရှေ့ ကားသံကြားရင် ရင်ခုန်ခဲ့ဖူးတယ်။ ဒါတွေဟာ ကျနော့်အတွက် အတိတ်တွေဖြစ်ခဲ့ပြီ။ လုပ်နိုင်တဲ့လူတွေ လုပ်နေကြချိန်မှာ ကျနော်ဘ၀ကို ပျော်မွေ့လို့ တကိုယ်ကောင်းဆန်နေတတ်ပြီ။

ဒီအပြစ်တွေအတွက် ကျနော် သိတာတွေ၊ ကျနော် ကြုံခဲ့တာတွေ၊ ညီငယ် ညီမငယ်တွေအတွက် ကျနော် ပြောပြမယ်။ ကျနော် လုပ်လို့ရသလောက် လုပ်ပေးနေဦးမယ်။ စွန့်လွှတ်အနစ်နာခံရဲတဲ့ သတ္တိတွေ ကျနော်ပြန်ရတဲ့ အချိန်အထိပေါ့။

ကျနော့်ကို ခွင့်လွှတ်ပါ။

1 comments:

Anonymous said...

yoo... interesting thread..