Thursday, March 15, 2007

အားတက်စရာ ဗမာ့အနာဂတ်များ

“အမယ်လေး” ဘာများလဲလို့ ဖတ်နေတဲ့မျက်စိတွေ ချက်ချင်းခွာသွားတာ တွေ့လိုက်ရတယ်။ “ဟဲ့ဟဲ့…မဖတ်နဲ့၊ မဖတ်နဲ့” ဘေးက သူ့သူငယ်ချင်းကိုပါ တဆက်တည်းတားလိုက်တယ်။ သူ့သူငယ်ချင်းမက ကြောက်ကြောက်လန့်လန့်နဲ့ စာရွက်ကို ချက်ချင်းပြန်ချ။ “မဖတ်ဘူးနော်”တဲ့။

မနေ့က ကျနော်မြင်လိုက် ကြားလိုက်ရတဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသူတစုရဲ့ စာရိတ္တသပိတ် လှုံ့ဆော်စာအပေါ် တုန့်ပြန်မှုလေးပါ။ အနီးအနား မေးမြန်းကြည့်တော့ သူတို့တတွေ ဒီမှာ မဟာသိပ္ပံဘွဲ့ လာတက်နေကြတာဆိုပဲ။ ရင်နာစရာပါ။ ကျနော်တို့တွေ သိပ်မြတ်နိုးတဲ့ကျောင်း၊ သမိုင်းအစင်အလာ ကြီးမားတဲ့ကျောင်း၊ အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ခေတ်အဆက်ဆက် ရှေ့တန်းက ပါဝင်ခဲ့တဲ့ကျောင်း။ ဒီကျောင်းက မွေးထုတ်လိုက်တဲ့ ရင်နှစ်သည်းခြာ နိုင်ငံ့အနာဂတ်တွေဟာ ကိုယ်ပိုင်ဆိုင်တဲ့ မျက်လုံးတစုံကိုတောင် စစ်တပ်ခွင့်ပြုချက်မပါပဲ မဖွင့်ရဲဘူးဆိုတော့…….။

ကျနော် သိပ်ဝမ်းနည်းတယ်။ သိပ်စိတ်ပျက်တယ်။ သိပ်တုန်လှုပ်သွားတယ်။ ကျနော်တို့တတွေ ဒီလောက်တောင် ရှူံးသွားပြီလား။ ဒီလောက်ထိအောင် တကယ်ကို သွေးကြောင်ကုန်ပြီလား။ ကိုယ့်မျက်လုံးတောင် ကိုယ်မပိုင်တဲ့ ဒီအနာဂတ်တွေရဲ့လက်ထဲ ဗမာပြည်ကြီးကို ထိုးအပ်လိုက်ရင်…… “တို့တာဝန်အရေးသုံးပါး၊ ပြည်သူ့သဘောထား” ဆိုပြီး “နိုင်ငံဦးဆောင်မှုဟာ တပ်မတော်ရဲ့တာဝန်သာဖြစ်တယ်” လို့ တညီတညွတ်တည်းဆိုကြမယ်ထင်တယ်။

“ရန်ကုန်မှာ အကိုရှိသေးတယ်။ သပိတ်မှောက်လိုက်ရင် သူဘယ်လိုလုပ်မလဲ”တဲ့(လမ်းပေါ်ထွက်ပြီး အော်ခိုင်းနေလို့လားဗျာ)။

“ကျနော်က ဒါတွေနားမလည်ဘူး”တဲ့(ဗမာလို ရေးထားတာကြီးကိုလေ)။

တပ်မတော်ကြီးရေ…..စိတ်အေးလက်အေးသာ နေပါတော့။

0 comments: