Friday, March 30, 2007

ဘော်လုံးပွဲ

ဘော်လုံးပွဲ

ထမင်းတနပ်၊ ငတ်ပေါင်းများလှ

စိတ်မာန်ထနေသော

ဒေါသနှင့် အလုပ်သမားများ။

ရုံးအုပ်ကဆဲ၊ မိန်းမကမဲ

ကြွေးရှင်ကဆွဲ

မရဲမရွံ့၊ မ၀ံ့စိတ်ကျ

စိတ်မာန်ပွနေသော

ရုံးက စာရေးကလေးများ။

မှောင်ခိုကုန်တဲ့

ဘူတာရုံမှာ၊ ရှာဖွေရေးဆင်း

မျက်နှာတင်းလျက်

တောနင်းဒလကြမ်း၊ အဖမ်းခံရ

ဘ၀ကိုနာ

စိတ်ဆာနေသောကုန်သည်။

စာအုပ်တိုက် ပတ်ဗလစ်ရှာက

နောက်တခါမှ ငါးကျပ်ယူပါဟု

အခါခါအချိန်းခံရသော

စာရေးဆရာ။

အလုပ်သမား၊ စာရေးစားနှင့်

ခါးကုန်းပိန်သေး၊ ရုံးစာရေးတို့

ဘော်လုံးပွဲဆီ ပြေးပြီးလျှင်

“ဟေ့ကောင်….နီတိုး၊ မအေရိုးကို

ခြေချိုးလိုက်ကွ…။

ဟိုဖက်က စွပ်ပယား

ခေါက်ဆွဲ စားသလား…

ခွေးမသားစူဝက်….”

စိတ်ထွက်ထွက်နှင့်၊ လက်သီးဆုပ်ပြ

ဒေါသဖြစ်သမျှ

မိမိရရကော်ဆဲ၊ စိတ်ဆာတာနဲ့ အတော်ဘဲ။

ရင်ထဲ ဒါမှ ရှင်းလေသတည်း။

ဘော်လုံးပွဲအပြီး

ထီးစုတ်ကလေးနှင့် စာရေးဆရာ

ပတ်ဗလစ်ရှာထံ

မျက်နှာချိုသွေး

အရေးဆိုရန်

ခပ်ကုပ်ကုပ်နှင့် သုတ်သုတ်ပြန်လေပြီ။

အလုပ်သမား

ဘတ်စကားကိုတိုး၊ ညှိုးလျလျမျက်နှာနှင့်

သာကေတကို ပြန်ရရှာချေပြီ။

နောက်တနေ့မနက်

စာရေးကလေး ရုံးပြန်တက်သော်

ရုံးစာအုပ်ရှေ့မှာကြွက်၊ မျက်နှာကလေးဆီးရွက်နှင့်

လက်နှိပ်စက်ရိုက်နေပြန်လေသတည်း။

(၂၄-၁-၆၉ မှ ၂၅-၂-၇၃)

ဦးတင်မိုးရဲ့ ပုဂံကျောင်းက ခေါင်းလောင်းသံ ကဗျာစာအုပ်မှပါပဲ။ ကျနော်တို့ရော ဘော်လုံးပွဲတွေမှာ ဘာကြောင့် ဆဲကြသလဲ။

မှတ်မှတ်ရရပေါ့။ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အချိန်က သုဝဏ္ဏဘောလုံးကွင်းကြီးထဲမှာ မီးကုန်ယမ်းကုန် အင်တိုက်အားတိုက် လှိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါ ဆဲခဲ့ဖူးတယ်။ ဘ၀မှာ ကြည့်ဖူးတဲ့ ဘောလုံးပွဲတွေထဲမှာ အဲဒီပွဲဟာ ရင်ခုန်စရာ အကောင်းဆုံး၊ ဒေါကန်စရာ အကောင်းဆုံး၊ ပျော်စရာ အကောင်းဆုံး။ ကြည့်ဖူးရင်မှတ်မိလိမ့်မယ်။ “ဘဏ္ဏာအခွန်နဲ့ ကာကွယ်ရေး” နောက်ဆုံးဗိုလ်လုပွဲ။

ပွဲကြည့်စင်တိုင်းရဲ့ အပေါ်တ၀က်ကို အစိမ်းရင့်ရောင် ၀တ်စုံတွေ ပွဲမစခင် နာရီပေါင်းများစွာထဲက နေရာယူထားခဲ့ကြတာပေါ့။ အထက်စီးကနေ ရေဘူးတွေ၊ ပြောင်းဖူးရိုးတွေ၊ ရံဖန်ရံခါ သေးထုပ်တွေ အောက်က ပရိတ်သတ်ပေါ် ကျရောက်ရင် ဘာမှ မဖြစ်ပေမယ့် အောက်က အပေါ်ကို တုံ့ပြန်ပြီဆိုရင် လုံခြုံရေးတွေ ရောက်လာတတ်တာပ။ ဒီလိုကို ပေါ်တင်အနိုင်ကျင့် ခံခဲ့ရတယ်။

ဒါပေမယ့် ကျနော်တို့နိုင်ခဲ့တယ်။ ပြည်သူတွေနိုင်ခဲ့တယ်။ အဲဒီပွဲဟာ ဘဏ္ဏာအခွန်နဲ့ ကာကွယ်ရေး ဘောလုံးပွဲမဟုတ်ခဲ့ဘူး။ လူထုနဲ့ စစ်တပ် ပွဲဖြစ်ခဲ့တယ်။ ပွဲအပြီး ကျနော်တို့တွေ၊ ပြည်သူတွေ အောင်ပွဲခံခဲ့ပုံတွေ ခုထိမြင်ယောင်နေတုန်းပဲ။ သုဝဏ္ဏကွင်းထဲက ပြိုဆင်းလာတဲ့ လူအုပ်၊ ကွင်းပြင်က ၀င်ခွင့်မရလိုက်တဲ့ လူတွေရဲ့ မျှော်လင့်ချက် မျက်လုံးတွေနဲ့ ရင်ခုန်တဲ့အမေး။ ကျနော်တို့ လမ်းပေါ်မှာ ကခဲ့ကြတယ်။ မီးပွိုင့်တွေမှာ ကားတွေက မေး၊ ကျနော်တို့က ဖြေ “ဘဏ္ဏာအခွန်၊ ဘဏ္ဏာအခွန်”။ လက်ဆွဲနှုတ်ဆက်၊ ဟွန်းတွေတီးကြ။ ဘရာဇီးကမ္ဘာ့ဖလား အောင်ပွဲခံတာ ပျင်းတယ်။ ဂျာမနီ ယူရိုအောင်ပွဲခံတာ ပျင်းတယ်။ ယူအေအီး အာရှဖလားအောင်ပွဲခံတာ ပျင်းတယ်။ ဒါအောင်ပွဲ၊ ပြည်သူတွေရဲ့ အောင်ပွဲ။

2 comments:

Anonymous said...

surrounded by the silent stones, a voice caomes up. thanks

generation96 said...

:).. thanks for the encouraging comment dear reader.