Saturday, December 23, 2006

၈၈ ဗမာပြည်၊ ခေါင်းဖြတ်ခြင်း၊ စက်ရုံဖောက်ခြင်း

It is rather strange. I noticed I lost this post,which I posted yesterday, when I put a new one..

အခုတလော နအဖ ဘက်သားတွေ ၈၈မှာ ခေါင်းဖြတ်တာ၊ စက်ရုံဖောက်တာတွေပဲ ပြောပြောပြီး လိုက်ဆဲနေတာတွေ့နေရတယ်။ သူတို့တွေကို အာဏာသိမ်းပြီးကာစက ပြတဲ့ ‘လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်’ နဲ့များ brain wash လုပ်ထားသလားလို့တောင် တွေးမိတယ်။ ဘာကြောင့် ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သေချာမသိတော့ ကျနော်တို့ ညီငယ် ညီမငယ်တွေ တချို့လည်း ပြန်မချေပနိုင်ဘူးပေါ့။

၈၈ မှာ ခေါင်းဖြတ်ကြပါတယ်။ ဒါငြင်းလို့မရပါဘူး။ ဘယ်နှစ်ယောက် အဖြတ်ခံရတယ်တော့ ကျနော်လည်း မသိပါ။ အဲဒီတုန်းက ဖတ်မိသလောက်ဆိုရင်တော့ ၁၀၀ တောင်ပြည့်မယ် မထင်ပါ။ ကျနော့်အထင် ၃၀ ကနေ ၅၀ လောက်တော့ ရှိနိုင်ပါတယ်။ ထားတော့။ ခေါင်းဖြတ်မှုတွေ မဖြစ်ခင်မှာ ကျနော်တို့ ပြည်သူတွေရဲ့ ဒေါသဟာ တားမနိုင်ဆီးမရ ဖြစ်နေပါပြီ။ စားဝတ်နေရေး သိပ်ကို ကြပ်တည်းပြီး စစ်တပ်ရဲ့ သတ်ဖြတ်မှုလည်း မရေမတွက်နိုင် ခံရပြီးပြီ။
ပစ်ခတ်မှုတွေရပ်ထားတဲ့ အဲဒီအချိန်၊ ဆန္ဒပြတွဲ နေ့စဉ်ရက်ဆက်ဖြစ်နေချိန်မှာ မဆလဟာ ရာဇ၀င်လူဆိုးတွေအပါအ၀င် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်ပါတယ်။ တနည်းအားဖြင့် ထောင်ခါလိုက်ပါတယ်။

ဆန္ဒပြသမားတွေဟာ အဲဒီတုန်းက ရန်ကုန်မြို့နယ်တော်တော်များများမှာ ရှိတဲ့ လမ်းဘေး သောက်ရေအိုးစင်လေးတွေကို အားကိုးနေရတာပါ။ ၈၈ ဗမာပြည်မှာ ရေသန့်ဘူး မရှိပါဘူး။ ထောင်ခါပြီး ရက်ပိုင်းအတွင်းမှာပဲ(နောက်တရက်လို့ ထင်ပါတယ်၊ သေချာ မမှတ်မိပါ) ပြည်သူတွေ အဆိပ်မိမှုတွေ စကြားရပါတယ်။ အဓိကခံရတာတော့ ဆန္ဒပြသူတွေပေါ့။ အဆိပ်ခတ်တဲ့ လူတွေကိုလည်း မိကြပါတယ်။ အစိုးရ ယန္တရားကြီး ရပ်နေချိန်မှာ ဒီလူသတ်သမားတွေကို ဒေါသဟုန်းဟုန်းထနေတဲ့ ပြည်သူတွေက အရေးယူခဲ့တာမှာ ခေါင်းဖြတ်တာတွေ စတာပါ။ ကောင်းသလားဆိုတော့ မကောင်းပါဘူး။ သိပ်ကြမ်းတမ်းပါတယ်။ ဒါပေမယ့် ခံရတဲ့လူတွေအတွက်တော့ အသက်ပေါင်းများစွာကို လူမဆန်စွာ သတ်ရဲတဲ့ လူအတွက် ထိုက်သင့်တဲ့ ရက်စက်တဲ့ သေဒဏ်ပါ။ အပြစ်မရှိပဲ သူများချောက်တွန်းလို့ အသတ်ခံလိုက်ရတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ အပြစ်ရှိရဲ့သားနဲ့ ဘုန်းကြီးတွေကယ်လို့၊ ကျောင်းသားတွေ ကယ်လို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ ကယ်လို့ မသေခဲ့ကြတဲ့ သူတွေလည်း အများကြီးပါ။ စိတ်ထင်တိုင်းသာ သတ်ခွင့်ရခဲ့ရင် အတော်များပါလိမ့်မယ်။ ထပ်ပြောစရာရှိပါတယ်။ ပြည်သူကို ရက်ရက်စက်စက် ပစ်သတ်ရက်တဲ့ စစ်တပ်ဟာ ဘယ်ခေါင်းဖြတ်ပွဲကိုမှ တားဖို့ မကြိုးစားခဲ့ပါဘူး။ ဒါဟာ သက်သေဖြောက်ပစ်တာပါ။ သူတို့ ခိုင်းတာ မပေါ်အောင် ပေးသေခဲ့တာပါ။

တရက် မြို့နယ်တခုမှာ အဆိတ်ခပ်တဲ့လူ မိပါတယ်။ ခေါင်းဖြတ်တော့မယ်ဆိုတာသိတဲ့ လူကြီးတွေက အချိန်မှီလိုက်ပြီး တားဆီးနိုင်ပါတယ်။ ပြီးတော့ အဆိတ်ခပ်သူကို စစ်မေးတယ်။ မင်းအဆိတ်ခပ်သလားပေါ့။ သူက သူခပ်တာ အဆိတ်မဟုတ်ကြောင်း၊ သူ့ကိုလည်း ဆေးတိုက်လို့ သောက်လာကြောင်း၊ ဒီရေကိုလည်း သောက်လို့ သေမှာ မဟုတ်ကြောင်း ပြန်ပြောသတဲ့။ ဒါနဲ့ မင်းသောက်ရဲလားဆိုတော့ သောက်ပြလိုက်တာ ဆေးရုံအထိတောင် မခံရှာဘူးတဲ့။ ဆရာဝန်တွေရဲ့ အဆိုအရတော့ ဒီအဆိတ်ခပ်သမားတွေဟာ သိပ်ပြင်းတဲ့ စိတ်ကြွဆေးတွေ အတိုက်ခံထားရပါတယ်တဲ့။ ဒါ မှန်လိမ့်မယ်ဆိုတာ လှိုင်းကြီးလေထန် ထဲမှာ ပြတဲ့ ခေါင်းအဖြတ်ခံရတဲ့ မိန်းမကို ပြန်ကြည့်ပါ။ လည်ပင်းပေါ် တချက်ပြီးတချက် ကျနေတဲ့ ဓားအောက်မှာ သူ့မျက်နှာဟာ လုံးဝ နာကျင်ဟန် မရှိပါ။ အော်လည်း မအော်ပါ။ ခုတ်နေတဲ့ လူကိုတောင် နောက်ဆုံးအချိန်ထိ ခြေနဲ့ လှမ်းလှမ်း ကန်နိုင်ခဲ့ပါတယ်။ သာမာန်လူတယောက် လည်ပင်းကို ဓားနဲ့ ခုတ်ရင် မအော်ပဲ မနာပဲ နေပါ့မလား။

ခေါင်းဖြတ်ခဲ့တဲ့ လူတွေ ဟာလည်း လူစိတ်မဲ့လို့ မဟုတ်ပါဘူး။ လူစိတ်ရှိလွန်းအားကြီးလို့ ဖြစ်သွားတာပါ။ ကျနော့် သူငယ်ချင်းတယောက် သူ့အမ အကြောင်း ပြောပြဖူးပါတယ်။ အဲဒီ အမရဲ့ အကိုဟာ ဆန္ဒပြရင်းနဲ့ အဆိတ်မိပြီး ဆုံးသွားပါတယ်။ ဖြစ်ချင်တော့ အဆိတ်ခတ်တဲ့ လူကိုမိပါတယ်။ ကျနော်ပြောတဲ့ အမဟာ အဲဒီ အဆိတ်ခပ်တဲ့ လူကို သတ်မယ့်လူရှိသလားဆိုတော့ ငိုယိုပြီး ကိုယ်တိုင် ၀င်သတ်ခဲ့တယ်တဲ့။ သူ့အကို အတွက် စိတ်ထိခိုက်ပြီး ဖြစ်သွားတာပါ။ အင်မတန် နူးညံ့တဲ့ ဗမာမိန်းကလေး တယောက်ကို ခေါင်းဖြတ်ရဲလောက်အောင် စိတ်ထိခိုက်စေနိုင်ရင် ယောက်ျားတွေဆို ပြောစရာ မလိုဘူးပေါ့ဗျာ။ အဲဒီ အမဟာ အဖြစ်အပျက်နှစ်ခုပေါင်းပြီး ရူးသွားရှာပါတယ်။

ကျနော် ဒါတွေ ပြောပြနေတာ ခေါင်းဖြတ်တာကို အားပေးတာ မဟုတ်ပါ။ ဒီအဖြစ်အပျက်တွေဟာ မဆလ(စစ်တပ်)ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေလို့ သိစေချင်တာ၊ အခြေအနေ တခုမှာ လူတွေဟာ ဒေါသအလျောက်တော့ လုပ်မိတတ်တယ်ဆိုတာကို သိစေချင်တာပါ။ ကျနော် ပြောခဲ့သလိုပဲ ဒါဟာ ကြမ်းတမ်းပါတယ်၊ ဒါပေမယ့် လုပ်တဲ့သူတွေကိုလည်း လုံးလုံး အပြစ်ပြောဖို့ မသင့်ဘူးဆိုတာပါ။ ဘာပဲဖြစ်ဖြစ် စစ်တပ်က ပစ်သတ်တာထက် စာရင် အရေအတွက်ဟာ ပြောတောင်မပြောပလောက်ပါဘူး။ မှားယွင်း အသတ်ခံရသူတွေ အတွက်တော့ (ရှိခဲ့ရင်) စိတ်မကောင်းပါဘူး။

စက်ရုံတွေ ဖောက်တာ။ ဒါလည်း စစ်တပ်ရဲ့ အကွက်ဆင် လုပ်ကြံမှုပါပဲ။ အုပ်ချုပ်ရေး ယန္တရားကြီး ရပ်နေပေမယ့် ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ကျောင်းသားတွေ၊ ရပ်မိရပ်ဖတွေ ပေါင်းပြီး ကင်းတဲတွေချ၊ လုံခြုံရေးတာဝန်တွေခွဲလို့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် စောင့်ရှောက်ခဲ့တာပါ။ ဒီအချိန်မှာ ရိက္ခာပြတ်နေတဲ့ စစ်တပ်ဟာ ဂိုဒေါင်တွေကို စဖောက်ပါတယ်။ သကြားတွေ၊ ဆားတွေ၊ စားရေရိက္ခာတွေ ထုတ်သယ်ပါတယ်။ စစ်တပ်ထွက်သွားမှ ကျန်တာတွေကို ပြည်သူတွေ ၀င်သယ်တာပါ။ နောက်ပိုင်းမှာ စစ်တပ်ဟာ အစပိုင်းလုပ်ပြပြီး လူတွေအ၀င်ကိုစောင့် ပစ်ခတ်တာတွေ လုပ်လာပါတယ်။ မှတ်တမ်းလည်း တင်တဲ့နေရာတင်တယ်ပေါ့။ ဒါပေမယ့် တော်တော်များများနေရာမှာ တော့ ပစ်တာတွေပါမှာစိုးလို့ မှတ်တမ်းမရိုက်ပါဘူး။ လူတွေကလည်း စစ်တပ်ထွက်ပြီးပြီးချင်းပဲ ၀ရုန်းသုန်းကား သယ်ရဲတော့တာပါ။ ကြာကြာနေရင် အပစ်ခံရမယ်ဆိုတာ သိလာကြပါပြီ။

လူတွေကိုယ်တိုင်ဖောက်တဲ့ နေရာတွေလည်း ရှိပါတယ်။ ဒီနေရာတွေမှာ လည်း စစ်တပ်ဟာ ဖောက်မယ်မှန်း သိသိနဲ့ကို မတားဆီးပါဘူး။ ထုံးစံအတိုင်း ဖောက်ပြီဟေ့ ဆိုမှ စစ်ကားကြီးနဲ့လာ ပစ်၊ ဖမ်း၊ ပေါ်တာဆွဲ လုပ်တာပါ။ ကျနော်ကိုယ်တိုင် မြင်ရတာရှိခဲ့ပါတယ်။ တနေ့ ကျနော်တို့ နားက အစိုးရပိုင် ဂိုဒေါင်တခုကို ဖောက်ဖို့ လုပ်ကြပါတယ်။ ဘယ်က ဘယ်လိုများ အချိတ်အဆက်လုပ်လာတယ်မသိ လူ ၅၀၊ ၆၀ လောက် စုရုန်းစုရုန်းနဲ့ ဂိုဒေါင်နဲ့ မလှမ်းမကမ်းမှာ။ နာရီဝက်လောက်ကြာတော့ ဂိုဒေါင်ရှေ့ ရောက်လာပြီး တံခါးကို ဖွင့်ဖို့၊ သော့စဖျက်ကြပါတယ်။ အဲဒီမှာပဲ သူတို့ ဘယ်ဘက်ကနေ စစ်ကားနှစ်စင်း မောင်းလာပါတယ်။ တစင်းက ဗိုလ်မှုးတွေစီးတဲ့ ပစ်ကတ်ကားပါ။ ဗိုလ်မှုးလည်း ပါပါတယ်။ ကျနော်ကတော့ အိမ်ထဲ ပြေးနေပြီ။ ဖျက်နေတဲ့ လူတွေလည်း ရုတ်တရက်ဆိုတော့ ပြေးဖို့လည်း အချိန်မရ၊ ဂိုဒေါင်ရှေ့မှာပဲ တုတ်၊ ဓားတွေနဲ့ ရပ်လျက်လေး။ အေးဆေးပါ။ စစ်ကားတွေက နှေးနှေးမောင်း လူအုပ်ကို ကြည့်ပြီး ဆက်ထွက်သွားပါတယ်။ TE 11 စစ်ကားပေါ်မှာ စစ်သား အပုံလိုက်ပါ။ နှစ်စင်းပေါင်းရင် ၆၀ တော့ အသာလေးရှိပါတယ်။ သူတို့သာ နိုင်ငံတော်ပစ္စည်း မပျက်စီးအောင် တားချင်တဲ့ စိတ်ရင်းရှိရင် တားလို့ရပါတယ်။ စစ်တပ်က ဘာမှလည်းမလုပ်ရော လူအုပ်လည်း အတင့်ရဲပြီး ဆက်ဖောက်တယ်ပေါ့။ ဂိုဒေါင် ပေါက်ပြီး လူ ၅ ယောက်လောက်ပဲ အပြင်ရောက်သေးတယ် စစ်ကားတွေ ၄ စင်းလောက် ရောက်ချလာပါတယ်။ မောင်းတင်တာများ ညီလိုက်တာ ဗြောင်းဗြောင်းဗြောင်းဗြောင်းဆို ကျနော်တောင် အိမ်ထဲက ကြားရပါတယ်။ လှံစွပ်တွေလည်း အဖွေးသားနဲ့ ကားပေါ်ကနေ ခုန်ချကြတာ တ၀ှီးဝှီးပဲ။ ကျနော်ကတော့ ပစ်ပြီထင်ပြီး ပုနေအောင်ပုန်းတာ။ အဲဒီနေ့က မပစ်ပါ။ ပေါ်တာတော့ ပါသွားကြပါရော။ အဲ ဖောက်ထားတဲ့ ဂိုဒေါင်ထဲက ပစ္စည်းတွေလည်း မသွားတယ်လိုပဲ။ သိပ်တော့ မမှတ်မိတော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ ၈၈ မှာ ဂိုဒေါင်တွေ ဖောက်တယ်ဆိုတာလည်း သူတို့ ချကျွေးတယ့် အကွက်ထဲ လူတွေဝင်မိတာပါပဲလို့။ ငတ်ပြတ် ဆင်းရဲ နေချိန်မှာ အလကားရမယ်ဆိုတော့လည်း ယူကြတာ အပြစ်ပြောစရာတော့ သိပ်မရှိဘူးထင်ပါတယ်။ မဟုတ်လည်း အစွပ်စွဲခံရမယ့် အတူတူ စစ်တပ်ကို ပေးမယ့်အစား ယူလိုက်ကြတာ ကောင်းပါတယ်။ သြော် ပြောစရာ ကျန်သေးတယ်။ လှိုင်းကြီးလေထန်ထဲမှာ ပြတင်းပေါက်တွေကွဲ၊ အမိုးတွေကျွတ်၊ တံခါးတွေကွာနေတဲ့ စက်ရုံတွေကို အကြမ်းဖက်သမားတွေ ဖျက်ဆီးလို့ ပျက်စီးပါတယ်ဆိုပြီး ပြတာတွေ့လိမ့်မယ်။ အဲဒါ တော်တော်များများက သမိုင်းက စက်ရုံတွေပါ။ ၈၈ လုံးလုံးပြီးချိန်အထိ အမိုးလည်းရှိတယ်၊ ပြတင်းပေါက်တွေလည်း ရှိတယ်။ တံခါးတွေလည်း အဖျက်ခံရတဲ့နေရာကလွဲလို့ အကောင်းကြီးပါ။ တချို့ဆို လုံးလုံးတောင် အဖျက်မခံရဘူး။ အဲဒီကောင်တွေက ကားလမ်းဘေးမှာ ရှိတာပါ။ ကောင်းကောင်းမြင်ရပါတယ်။ မကြာဘူး၊ သူတို့ဟာ သူတို့ စဖျက်တော့တာ။ ကျနော်ကတော့ ထင်လိုက်သပေါ့။ စက်ရုံများ အသစ်ဆောက်မလို့လားလို့။ လားလား..လှိုင်းကြီးလေထန်လည်းလာရော အဲဒါကြီးတွေ ပါလာပါရော။ ကျနော့်မှာ ပါးစပ်လေး အဟောင်းသား။

5 comments:

Anonymous said...

ဒီဇင်ဘာ ၂၃ စိတ်ကူးများ

လှိုင်းကြီးလှေထန် ဖြစ်ရပ်မှန်ဆိုတာ အနော် မတိဘူး..
အဲဒီ ရိုက်ထားတဲ့ ဗွီဒီယိုအခွေတွေ ရှိရင် ပြပါလားဟင်.. ကျနော်တို့သာမက brainwash အလုပ်ခံထားရတဲ့ ရုရှက ချာတိတ်လေးတွေကို ပြချင်လို့..

generation96 said...

လှိုင်းကြီးလေထန်ကို ရုရှက ပုဂ္ဂိုလ်လေးတွေ ကြည့်ပြီးလောက်ပါပြီ။ သူတို့တွေ ဒါပဲသိပြီး ဒါပဲပြောပြောနေတယ်လို့ သံသယရှိလို့ မသိသေးတာလေးတွေ ပေးသိလိုက်တာပါ။ ကြည့်ချင်ရင်တော့ နအဖကိုမေးဗျို့၊ ပျော်ပျော်ကြီးပြပါလိမ့်မယ်။

Anonymous said...

thanks for sharing ur true story.

Anonymous said...

တောင်ဥက္ကလာပမြို့နယ်အဖြစ်အပျက်တခုမှာတော့ ရဲကိုသတ်တာပါ မီးရှို့ပြီး အသဲတွေအသားတွေ စားကြပါတယ။်
မီးရှို့သတ်ခံထားရတဲ့ ရဲရဲ့လက်က ကောက်ကောက်လေးဖြစ်ပြီး ပိုက်ဆံတောင်းနေပုံပေါ်လို့
သေတာတောင် အတောင်းမရပ်သေးဘူးလို့ တွင်ခဲ့ပါတယ်။
အသဲတွေဘာတွေစားခဲ့တဲ့ လူအချို့ကိုနောက်ပိုင်းဖမ်းပြီးထောင်ချပါတယ်။ သေဒဏ်ပေးပါတယ်။ ဒါပေမဲ့ တကယ်မသတ်ပါဘူး။ နောက် ၄၊၅နှစ်လောက်ထင်တယ် အိမ်ပြန်ရောက်လာပါတယ်။
မြေနီကုန်းကိစ္စမှာ အဲ့ဒီတုန်းကထွက်တဲ့ဂျာနယ်တွေရှိရင် သေချာကြည့်ပါ။ စစ်ယူနီဖောင်းလဲမဟုတ်၊ လုံထိန်းယူနီဖောင်းလဲမဟုတ်တဲ့ဟာတွေ ၀တ်ပြီး အေကေ ၄၇ အမျိုးနွယ်သေနတ်တွေနဲ့ လူတွေ တွေ့ရပါလိမ့်မယ်။ မှတ်မိသလောက်ကတော့ မျက်နှာဖုံးပုံမှာပါ။ သောင်းကျန်းသူတွေပါဝင်ပက်သက်လို့ ပစ်ရခတ်ရတဲ့ ပုံစံမျိုးသတင်းတွေတွေ့ရပါလိမ့်မယ်။
ဥာဏ်နီဥာဏ်နက်ကတော့ စုံနေတာပဲ ။ ပြောရင်ကုန်မှာမဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် တဖက်တလမ်းက အမှန်တရားပေါ်အောင်ပြောပြပေးနေတဲ့ ကိုယ့်ဆရာတို့ကို ကျေးဇူးတင်ပါတယ်။

Unknown said...

ခေါင်းဖြတ်ခံရတာ ထောင်ဂဏန်းတော့ရှိမယ်ထင်တယ်။