Thursday, December 07, 2006

အမှတ်တရ ၉၆

၁၉၉၆ ဒီဇင်ဘာ ၂ ရက်က နေ ၂ ပတ်နီးပါး ကြာခဲ့တဲ့၊ နအဖကို တင့်ကားတွေ ရန်ကုန်မြို့တွင်းခေါ်သွင်းရလောက်အောင် တုန်လှုပ်စေခဲ့တဲ့၊ ကျောင်းသားလှုပ်ရှားမှုဟာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။

ကျောင်းတွေ အပိတ်ခံရတယ်။ ခေါင်းဆောင်တွေ ထောင်ချခံရတယ်။ တချို့လည်း တဖက်နိုင်ငံ ထွက်ပြေးခိုလှုံကြရတယ်။ အရေးအခင်းကာလမှာ အရိုက်ခံ၊ အဖမ်းခံရသူတွေလည်း အပုံအပင်ပေါ့။

သူတို့တွေ အသက်မစွန့်ခဲ့ရပါဘူး။ ဒါပေမယ့် ကျနော်တို့ ချစ်တဲ့ တိုင်းပြည်အတွက်၊ တရားမျှတမှုတွေ အတွက်၊ မရရှိသေးတဲ့ လူ့အခွင့်အရေးတွေ အတွက်၊ သူတို့ ဘ၀တွေ စွန့်ခဲ့ရတယ်။ ကျောင်းမှာ စာသိပ်တော်တဲ့ ကျောင်းသားတွေ၊ လူချစ်လူခင်ပေါတဲ့ သူတွေ၊ နောက်ဆုံးနှစ်ကျောင်းသားတွေ၊ သိပ်တက်ချင်တဲ့ ကျောင်းတော်ကြီးကို စရောက်ခါစ ပထမနှစ် ကျောင်းသားတွေ၊ သူတို့တတွေ အားလုံး၊ ကျနော်တို့ အားလုံးအတွက် ကြိုးစားရင်း သံတိုင်တွေနောက်ရောက်၊ မိကွဲ ဖကွဲ ချစ်ခင်သူအားလုံးနဲ့ကွဲ၊ အမိတက္ကသိုလ်နဲ့လည်း ကွဲခဲ့ရတယ်။

နှစ်ပေါင်းများစွာ ကြာမှ အပြင်လောကထဲ ပြန်ထွက်လာရတဲ့ သူတို့တွေ ခုထိလည်း ပေးဆပ်နေရဆဲပါ။ ပညာသင်ကြားရေးဆိုတာ အမိမြေမှာ သူတို့အတွက် လုံးဝပြီးဆုံးသွားပါပြီ။ ဒီလိုဖြစ်မယ်ဆိုတာ သိရက်နဲ့ ကိုယ်ကျိုးစွန့် ကြိုးစားခဲ့ကြတဲ့ သူတို့ကို ကျနော် ဒီနေရာကနေ ဂါရ၀ ပြုပါရစေ။

၉၆ မှာ တတ်စွမ်းသလောက် ပါဝင်ခဲ့ကြတဲ့၊ အာဏာရှင်တွေရဲ့ မတရားတဲ့ လုပ်ရပ်တွေကို တတ်နိုင်သလောက် ဖီဆန် အန်တုခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသား အားလုံးကိုလည်း ဦးညွှတ်ရင်း . . .

2 comments:

သက်စံ said...

အဲဒီ၁၉၉၆ မှာ ကျွန်တော် ၁ဝ တန်း အောင်ခဲ့တာပါ။ သပိတ်ကို သိလိုက်ပေမယ့် မရောက်ခဲ့ပါဘူး။ လမ်းထဲက ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအစ်ကိုတွေ ဆီကတော့ ကြားသိရတာတွေအများကြီးပါဘဲ။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်က လက်ဖက်ရည်ဆိုင်ထိုင်ဖို့နဲ့ ဘောလုံးကန်ဖို့လောက်ဘဲ စိတ်ဝင်စားမှုရှိတော့ နိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကို သိပ်စိတ်မဝင်စားခဲ့ပါဘူး။ နောက်ကျောင်းတွေ ကို ၂ နှစ်လောက်ပိတ်ပစ်ခြင်းခံရပြီး ကျွန်တော်ကိုယ်တိုင် အဝေးသင် ၁၀ ရက် တက္ကသိုလ်စီမံကိန်း နဲ့ ဦးချိုးတာခံရမှ ဒီအစိုးရကိုယ် စိတ်နာလာတာပါ။ ကျောင်းသားအခွင့်အရေး ပညာရေးဆိုင်ရာအခွင့်အရေးတွေ မစို့မပို့ဘဲပေးတယ်ဆိုတာ ကိုယ်တိုင်သိလာမှ နိုင်ငံရေးကို စိတ်မဝင်စားလို့မရဘူးလို့နားလည်လာခဲ့တာပါ။ ဒီစစ်အစိုးရ ကို ဘယ်သောခါမှ အရှုံးမပေးဘူးအစ်ကို။ မြန်မာပြည်မှာလူတိုင်းလူတိုင်း ညီမျှတဲ့အခွင့်အရေးတွေ မရသမျှကာလပတ်လုံး အတူတူ ကြိုးစားကြမယ်အစ်ကိုရေ။ လူချင်းမသိပေမယ့် နေတဲ့နေရာချင်းမတူညီပေမယ့် ရှင်သန်ကြီးပြင်းတဲ့ပတ်ဝန်းကျင်မတူညီပေမယ့် ရင်ထဲံကနေ ငြိမ်းချမ်းပြီးတရားမျှတတဲ့ ဒီမိုကရေစီကိုလိုလားတဲ့စိတ်ချင်းတော့တူပါတယ်။ လုံးဝ အရှုံးမပေးဘူး။ ကျဆုံးသွားတဲ့ အစ်ကိုတွေ အစ်မတွေကိုယ်စား ရအောင်ယူမယ် ။ပိုကြိုးစားကြမယ်။ ပန်းတိုင် ရောက်ကိုရောက်ရမယ်။ စိတ်ချ အစ်ကိုရေ…..

generation96 said...

ကြားရတာ အားရှိတယ်ဗျာ။ ကျနော်တို့တွေ ချနိုင်သလောက်တော့ ဆက်ချနေရမှာ ပါပဲ။ တချိန်ချိန်ပေါ့ဗျာ….