Wednesday, December 13, 2006

စီးပွားရေး ပိတ်ဆို့မှုနဲ့ ကျနော်တို့ ဗမာပြည်

ဒီကိစ္စကို သဘောတူတဲ့လူတွေရှိသလို သဘောမတူတဲ့လူတွေလည်း အပုံအပင်ပါပဲ။ စဉ်းစားပုံ မတူကြတာတွေ၊ တွေ့မြင်ရတဲ့ အဖြစ်အပျက် မတူကြတာတွေ၊ အကြောင်းအမျိုးမျိုး ရှိကြပါလိမ့်မယ်။ အခုရေးမှာက ကျနော့်အတွေး၊ ကျနော့်အမြင်။ သည်းခံ ဖတ်ပြီး ဝေဖန်ဆုံးဖြတ်ကြဖို့ပါ။

ကျနော် ခပ်ငယ်ငယ်တုန်းက စီးပွားရေး ပိတ်ဆို့တာကို သိပ်သဘောမကျခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားပွဲတွေ အမြဲသွားတယ်။ NLDကလုပ်သမျှ ပွဲတွေ ဘယ်လောက်ပဲ အတားအဆီးတွေ ရှိရှိ ရောက်အောင်သွားတယ်။ ဒါပေမယ့် ဒီကိစ္စလေးမှာတော့ သဘောကွဲလွဲတယ်ပေါ့။ အဲဒီအချိန်က ကျနော်မြင်တာက ထိုးထွက်လာနေတဲ့ ဟိုတယ်ကြီးတွေ၊ ခပ်ပေါပေါ သောက်ရတဲ့ Pepsi ပုလင်းတွေ၊ ဈေးချိုချိုဝယ်ဝတ်နိုင်တဲ့ Daewoo ထုတ်အင်္ကျီတွေ၊ စက်ရုံကြီးတွေမှာ လခကောင်းကောင်းရတဲ့ ကျနော်တို့ ပြည်သူပြည်သားတွေပေါ့။

ဒီခပ်ချာချာ အတွေးတွေ မရှိတော့တာ ဆယ်စုနှစ်တခု ကျော်ပါပြီ။ ဒါပေမယ့် တချို့တချို့တွေ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်တွေမှာ သံသယတွေရှိနေတုန်းမို့ ဘာကြောင့် ကျနော်ပြောင်းသွားသလဲ ရှင်းစရာ လိုလာပါတယ်။

ဧည့်သည်မရှိတဲ့ ဟိုတယ်ကြီးတွေ ကျနော်မြင်တယ်။ နိုင်ငံခြားမှာ ဒေါ်လာရာနဲ့ချီ ရောင်းတဲ့ အင်္ကျီတွေ ထုတ်တဲ့ စက်ရုံကြီးတွေမှာ လုပ်တဲ့ လခကောင်းတယ်ဆိုတဲ့ အလုပ်သမလေးတွေ ကျနော်မြင်တယ်။ နောက်ပြီး ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဆိုတဲ့ ဒေါ်လာသန်းပေါင်းများစွာ ရတဲ့ စီမံကိန်းကြီး ကျနော်မြင်တယ်။ ရတနာမှာ လုပ်တဲ့ အင်ဂျင်နီယာတွေ၊ ၀န်ထမ်းတွေ လခကောင်းပါတယ်၊ မငြင်းပါဘူး။ ဒီလိုပဲ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ စီမံကိန်းတွေမှာ လုပ်တဲ့ သူတွေ လခ ကောင်းကြပါတယ် (ဗမာပြည် အတိုင်းအတာနဲ့ ဆိုရင်ပါ)။

ဟုတ်ကဲ့၊ ကျနော်တို့ ဗမာပြည်ရဲ့ လူဦးရေ ဘယ်လောက်များများ လူနေမှုအဆင့် မြင့်လာတာ သင်မြင်ပါသလဲ။ ဘယ်သူတွေ ချမ်းသာ လာပါသလဲ။ လူဘယ်လောက်များများ ဆင်းရဲသွားပါသလဲ။ ဗမာပြည်ရဲ့ ဘယ်နေရာမှာ ဘယ်လို တိုးတက်လာတာ တွေ့ပါသလဲ။ စစ်ကားသွားဖို့ ဖောက်တဲ့ ပိုက်ဆံမကုန်တဲ့၊ လုပ်အားပေးနဲ့ အကျဉ်းသားနဲ့ ဖောက်တဲ့လမ်းတွေ၊ လက်ချိုးရေလို့ရတဲ့ ခပ်သေးသေးတံတားတွေ ခဏမေ့ထားပါ။

စက်ရုံကြီးတွေက ဘယ်လောက်များများ ၀န်ထမ်း သက်တောင့်သက်သာ နေနိုင်တဲ့ အဆင့် ရောက်လာပါသလဲ။ ဒီစက်ရုံ ကြီးတွေက ရတဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားပါသလဲ။ ရတနာက နှစ်စဉ်ရတဲ့ ဒေါ်လာသန်း ရာနဲ့ချီတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားပါသလဲ။ သြော် ကျောက်မျက်ရတနာပြပွဲတွေကရတဲ့ ပိုက်ဆံတွေ၊ သစ်ခုတ်လုပ်ရေးကရတဲ့ ပိုက်ဆံတွေ၊ ဘိန်းခင်းတွေကရတဲ့ ပိုက်ဆံတွေရော…။

ကျနော်မြင်တာပြောပြပါမယ်။ TE 11 စစ်ကားတွေ အစား တရုတ်လုပ် စစ်ကားတွေ မြင်ပါတယ်။ ရှေ့တန်းစစ်မျက်နှာတွေမှာ တခါမှ မသုံးပေမယ့် ထပ်ကာထပ်ကာ ၀ယ်နေတဲ့ တရုတ်လုပ် တင့်ကားတွေ မြင်ပါတယ်။ အဲ ရှေ့တန်းမှာ မသုံးတဲ့ တရုတ်လုပ် ခဏခဏ ပျက်ကျတတ်တဲ့ စစ်လေယာဉ်တွေနဲ့ ရုရှားလုပ် MIG 29 တွေမြင်ပါတယ်။ ဘယ်နိုင်ငံကမှ ချိန်းခြောက်ရန်မလုပ်ပေမယ့် တနေ့တခြား ကြီးကြီးလာတဲ့ စစ်တပ်ကြီးကို မြင်ပါတယ်။ မြောက်ကိုရီးယားကို အားကျပြီး မျောက်ပြဆန်တောင်းလုပ်ဖို့ အတင်းလိုက်လုပ်မယ့် Nuclear စီမံကိန်းကြီးနဲ့ ဒါကြီးကို ကိုင်တွယ်မဲ့၊ ဓာတ်ယိုစိမ့်မှုဖြစ်ရင် အရင်ဆုံးသေကြမယ့် ရုရှားကို လွှတ်ထားတဲ့ စစ်သားတွေကို မြင်ပါတယ်။ ရန်ကုန်မှာတင် အိမ်ပေါင်း ၃၃လုံးထက်မနည်း ရှိတယ်ဆိုတဲ့ ကိုသန်းရွှေရဲ့ အိမ်တွေအကြောင်း ကြားပါတယ်။ သိပ်သေချာတဲ့ အိမ်ကြီးကြီးတလုံးစီကိုလည်း ရန်ကုန်နဲ့ အခု ကြပ်ပြေးမှာ google earth ကနေမြင်ပါတယ်။ ဒေါ်လာ ဘီလီယံနဲ့ချီ ကုန်ကျတဲ့ သုညကနေ စဆောက်တဲ့ ကြပ်ပြေးကြီးကို မြင်ပါတယ်။
စိန်ဘယက်တွေ၊ စိန်ဆွဲကြိုးတွေ၊ စိန်လက်ကောက်တွေအပြင် လူမမြင်ရတဲ့ ခြေထောက်မှာပါ ရွှေခြေကျင်းကြီးတွေ ၀တ်ထားတဲ့ သတို့သမီးနဲ့ သူ့ရဲ့ ဒေါ်လာသန်းချီကုန်တဲ့ မင်္ဂလာပွဲလည်း မြင်သပေါ့။

ဟုတ်ကဲ့၊ ရွှံ့တောထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဝေဘာဂီ စတဲ့မြို့တွေ၊ မိုးရွာရင် ရေကြီးကြီးနေတဲ့ မြို့တော် ရန်ကုန်ကလမ်းတွေ၊ အယ်ဒီဆင်ကို နေ့တိုင်း ဂုဏ်ပြုနေတဲ့ ဗမာပြည်ကြီးနဲ့ ရိုးပြတ်တွေကြားက တက္ကသိုလ်လို့ ခေါ်တဲ့ အဆောက်အအုံတွေကိုလည်း မြင်ပါတယ်။

နှစ်ပေါင်း ၁၈နှစ် ကြာပါပြီ။ ၁၈နှစ်အတွင်း တကယ့်ကို သိသိသာသာ တိုးတက်လာတာကတော့ ပြောပြပြီးတဲ့ အတိုင်း စစ်တပ်ကြီးနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများပါပဲ။ သူတို့နဲ့ ပေါင်းစားကြတဲ့ လူတချို့နဲ့ ငြိမ်းချမ်းရေး ဘိန်းဘုရင်တွေလည်း ကြီးပွားကြသူတွေထဲ ပါသပေါ့။ အဲဒီအပြင်တော့ ….. ရှိသေးရင် ပြောပြကြပါအုံး။

0 comments: