ဒါပေမယ့် ကျနော်တို့ ဗမာတွေ တော်တော်များများဟာ သင်ခန်းစာ မယူကြဘူး။ ဒါမှမဟုတ် တော်တော်များများဟာ တကိုယ်ကောင်းဆန်ကြတယ်။ ကိုယ့်တဦးချင်း၊ ကိုယ့်မိသားစုရဲ့ ကိုယ်ကျိုးစီးပွားပဲ ကြည့်ကြတယ်။ စစ်တပ်ဟာ သူ့ရဲ့ ဗီဇကို အဲဒီလောက်စောစော ပြတာတောင်မှ ဒီလောက်ဆိုးဝါး စစ်တပ်ထဲ မ၀င်ဘူး၊ ကိုယ့်ပြည်သူအချင်းချင်း မနှိပ်စက်နိုင်ဘူး ဆိုတဲ့ စိတ်ဓာတ်တွေမရှိဘူး။ အာဏာလေးပြချင်တာနဲ့ တပ်ထဲဝင်ကြတယ်။ အဖေတွေ အမေတွေကလည်း ကလေးတွေကို မတားဘူး။ အသက်ဆုံးရှူံးသွားကြရတဲ့ ကျောင်းသားတွေကို သားသမီးချင်း မစာနာဘူး။ တကယ်လို့ ကိုယ့်ကလေးက နားမလည်ရင်တောင်မှ ရှင်းပြ၊ ပြောပြပြီး တားသင့်တယ်။
ဒီလိုနဲ့ ဗမာပြည်ရဲ့ စစ်တပ်ကြီးဟာ သူလုပ်ခဲ့တဲ့ အပြစ်အတွက် ဘာမှမဖြစ်ပဲ ပိုလို့တောင်ကြီးကြီးလာတယ်။
တကယ်လို့များ ကျနော်တို့ ပြည်သူတွေဟာ ညီညီညွတ်ညွတ်နဲ့ စစ်တပ်ကို တပ်ထဲမ၀င်ခြင်းအားဖြင့်၊ တပ်ထဲမ၀င်အောင် ရှင်းလင်းပြောပြချင်းအားဖြင့် ကိုယ်တတ်နိုင်သလောက် ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ရင် ခုကျနော်တို့ရဲ့ အနာဂတ်ဟာ အခုလောက်ဆိုးမယ်မထင်ဘူး။
၈၈ အရေးအခင်းပြီးတော့လည်း ဗမာလူထုဟာ ဒီအတိုင်းပဲ။ အခွင့်အရေးသမားတွေ၊ တကိုယ်ကောင်းသမားတွေ၊ အာဏာရူးတွေ သိတ်ကိုများတယ်။ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယားဆိုတာ ဗမာတွေအတွက် အရမ်းမှန်တယ်။ စစ်တပ်ဟာ အပေါ်စီးရသွားပြီ။ အာဏာ ပြန်ပေးမှာ မဟုတ်ဘူးဆိုတာလည်း သေချာရော တပ်ထဲ ၀င်လိုက်ကြတဲ့လူတွေ။ မရှက်ကြဘူးလား။ ကျနော်ဆို အမျိုးထဲမှာ တပ်ထဲကလူ ပါနေရင်တောင် လူသိမခံရဲဘူး။ ရှက်လို့။ ထားတော့။
အဲဒီတော့ ကျနော်တို့ နောက်မျိုးဆက်ကို ဘယ်လို ဗမာပြည်ပေးချင်တာလဲ။ ကျနော်တို့ဟာ သူတို့ရဲ့ အပြစ်ပြောတာကိုခံကြမှာလား။ ကိုယ်လုပ်နိုင်သလောက်လုပ်ရင်းနဲ့ မလျှော့သောဇွဲနဲ့ ကြိုးစားမှာလား။ ဆုံးဖြတ်ပါ။ ပြီးရင် စ လုပ်ပါ။ တပ်ထဲ မ၀င်ပါနဲ့။ ၀င်မယ့်လူကို တားပါ။ ပြီးတော့ အရေးအကြီးဆုံးက ရှက်တတ်ကြပါ (ဘယ်သူမှ မသိပေမယ့် ကိုယ့်ကိုယ်ကို သိပါတယ်)။
0 comments:
Post a Comment