Tuesday, July 31, 2007

ကြားတာ၊ မြင်တာ၊ ပြောချင်တာ

ကျနော် ကြားဖူးတာတွေ

“စစ်တပ်ဆိုတာ စစ်တိုက်ရင်တိုက်၊ မတိုက်ရင် စစ်ပြင်ဆင်နေတာပဲ။ အခုဆို သူတို့က ဘယ်နေရာမှာ ဆန္ဒပြပွဲ ဖြစ်ဖြစ် အဆင်သင့်ပဲ။ ဒီဘက်က သူတို့လို ready မဖြစ်ဘူး။”

“စစ်တပ်မှာ ကိုယ်ကိုယ်တိုင်ရယ်၊ ရန်သူရယ်ပဲရှိတယ်။ သူတို့ဘက်က မဟုတ်ရင် ရန်သူပဲ။”

“တွေ့ဆုံ ဆွေးနွေးရေးလို့ ကျနော်တို့ကသာ အော်အော်နေတယ်။ ဒီကောင်တွေက ကျနော်တို့ကို ဘယ်လို ဆော်ရမလဲပဲ ချောင်းနေတာ။ ဆွေးနွေးဖို့ လုံးလုံးကို စိတ်မ၀င်စားဘူး”

ကျနော် မြင်တာ

အကုန်လုံးကို ကျနော် လက်ခံတယ်။ ၆၂ ကနေ ဒီနေ့အထိ စစ်တပ်ဟာ လူထုအပေါ် အကြမ်းဖက် နှိမ်နင်းလာတာကြီးပဲ။ ဘယ်ဆန္ဒပြပွဲမှာမှ ၀ိုင်းထားတဲ့ ရဲ၊ စစ်တပ် က ပြည်သူလူထုကို အေးအေးချမ်းချမ်း အိမ်ပြန်ခွင့် မပေးခဲ့ဖူးဘူး။ ဘယ် ရဲ၊ စစ်တပ်ကမှ ပစ်မိန့်ကို ဖီဆန်ပြီး မပစ်ပဲ မနေခဲ့ဖူးဘူး (ဓနုဖြူမှာ ဒေါ်အောင်ဆန်းစုကြည်ကို မပစ်ခဲ့တာကလွဲလို့)။ ဘယ်လောက်ပဲ လူကြားကောင်းအောင် ပြောပြော၊ ဆွေးနွေးပွဲဆိုတာတွေဟာ မင်း ငါတို့ ပြောတဲ့အတိုင်း လုပ်ပါ လို့ ခေါ်ပြောတာထက် မပိုခဲ့ဘူး။

ကျနော် ထပ်ပြောချင်တာ

ကျနော်တို့ အတိုက်အခံတွေဟာ ယုံကြည်လွယ်တယ်။ စစ်တပ်ကို မကောင်းပြောရင် လူမမြင်ရလည်း ပစ်ယုံလိုက်တာပဲ။ စစ်တပ်မှာ “မီဒီယာကို မီဒီယာနဲ့ တန်ပြန်ထိုးစစ်ဆင်ရမယ်” ဆိုတဲ့အမိန့်နဲ့ မူရှိပြီးသားဆိုတာ ကျနော်တို့ အားလုံးသတိထားသင့်တယ်။ လောလောလတ်လတ် လက်ဖက်ရည်ဆိုင်က နမူနာပေါ့။ ကျနော် ခြောက်တာမဟုတ်ပါ။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်မှာ သိပ်ကို စကားကျွံခဲ့ကြတဲ့ ကျနော်တို့ ဘက်တော်သားတွေ သတိလေးတော့ နည်းနည်းပိုထားသင့်တယ်။ ဖုံး နံပါတ်တွေ၊ email တွေပါ ပေးမိရင် ပိုသတိထားပေါ့။ ဘာလို့ ဒီလက်ဖက်ရည်ဆိုင်ဟာ ဒီလောက်လွတ်လပ်ရလဲ၊ ဘာလို့ သူတို့ကို မြန်မာ့ဆက်သွယ်ရေးက မပိတ်လည်း ဆိုတာတွေ ကျနော်တို့ စဉ်းစားမိခဲ့ဖို့ ကောင်းတယ်။ အခုဆို သူတို့တတွေ ဘယ်နိုင်ငံမှာ ဘယ်လောက်များများသော တက်ကြွသူတွေရှိတယ်ဆိုတာ မှန်းလို့ရသွားပြီ။ ဒီလူတွေကိုလည်း နာမည်ဝှက်ပေါင်းစုံနဲ့ ဆဲခဲ့ပြီးပြီ။ ဗမာပြည်မှာလည်း ဘယ်သူတွေ ဘယ်လောက်များများ လုပ်ရဲလဲ သိပြီ။ ဘာတွေလုပ်ချင်လဲ ဆိုတာလည်း သိပြီ။ တကယ်တော့ လက်ဖက်ရည်ဆိုင် ၀ိုင်းတော်သားတွေဟာ “မီဒီယာကို မီဒီယာနဲ့ တန်ပြန်ထိုးစစ်ဆင်ရမယ်” ဆိုတဲ့မူရဲ့ ပထမဆုံး သားကောင်တွေဖြစ်သွားကြတာပဲ။

ဒီပို့စ်ကို ညွှန်းပါတယ်။ http://kadaung.blogspot.com/2007/07/blog-post_20.html


ဘယ်သူ့ကိုမှ မျက်စိမှိတ် မယုံပါနဲ့ ဆိုတဲ့ သင်ခန်းစာလေး ကျနော်တို့ ရသင့်တယ်။

မှတ်ချက်။ ။ ကျနော့် အမြင်များသာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘော ကွဲလွဲပိုင်ခွင့် ရှိပါတယ်။

0 comments: