Thursday, May 10, 2007

ရန်ကုန် ၂၀၀၇

ကျနုပ် ရန်ကုန်သို့ ရောက်နေ၏။ ရန်ကုန်သည် ရောက်စက ပူ၏၊ လောင်၏။ ငရဲပြည်သည် အကယ်ပူလောင်သည် ဆိုပါက ကျနုပ်တို့သည် ငရဲပြည်တံခါးဝတွင် ရောက်ရှိနေဟန်တူ၏။ သူရိယနေမင်းနှင့် အဝေးဆုံးဖြစ်သော ကျနုပ်၏ ခြေဖမိုးပင်လျှင် ပူလောင်သောဒဏ်ကို လွန်စွာခံစားရ၏။ လူတို့သည် ပြင်းပြသော အပူဒဏ်ကို ခံရသည်ဖြစ်၍ စိတ်မသက်မသာရှိကြကုန်၏။ အ၀တ်အထည်တို့လည်း မှုန်မှုန်မှိုင်းမှိုင်းသာ ဖြစ်ကုန်၏။ ချွေးသည် တဒီးဒီးကျ၏။ အင်္ကျီ၊ လုံချည်တို့လည်း ရွှဲရွှဲစိုကုန်၏။ ဤအချိန်ကား လူတိုင်းလူတိုင်း ညီမျှသော အပူဒဏ်ကို ခံစားရချိန်တည်း။

ကျနုပ်လည်း အပူဒဏ်မှ လွတ်ပါစေကြောင်း အကြိမ်ကြိမ် ဆုတောင်း၏။ ပူကားပူမြဲ။ ရင်တွေသာ ဗလောင်ဆူ၏။ အေးချမ်းခြင်းမရသည့်အပြင် တိုးကာ ပူ၏၊ လောင်၏။

ဟော….လူတို့၏ ညီညီညာညာ ဆုတောင်းများကြောင့်လား၊ မိုးခေါ်ပွဲတွေကြောင့်လား။ မိုးကားရွာချေပြီ။ ရွာသည်မှ နေ့စဉ်ရက်ဆက် မရပ်မနား အတိုးချကာ ရွာ၏။ တနွေလုံး စွန့်ပစ်ထားသည့် အမှိုက်တို့ဖြင့် ပိတ်ဆို့နေသော (သို့) တသက်လုံး ရှင်းလင်းခြင်းမပြုဖူးသော မြောင်းတို့သည် ဇာတိပြတော့၏။ ရန်ကုန်သည် ရေဖွေးဖွေးဖြင့် ဖြစ်၏။ လှုပ်လီလှုပ်လဲ့မောင်းနှင်နေကြသော ကားတို့လည်း ရသည့်အခွင့်အရေးကိုယူကာ ရေလည်တွင် ရပ်ကြကုန်၏။ အချို့လည်း ရေကူးရင်း ခေါင်းချင်းဆိုင်၊ ဘေးချင်းရှပ်၊ နောက်ကနမ်း နည်းပေါင်းစုံဖြင့် နေရာပေါင်းစုံတွင် တိုက်ကြကုန်၏။ ရာသီဥတုကား အေးပြီ။ ရင်ကား မအေး။

မိုးရွာပြီဆိုမှဖြင့် လေပါ၏။ လေပါသဖြင့် မဟာဓာတ်အားလိုင်းများသည် လေယူရာယိမ်း၏။ ယိမ်းရာမှ အနီးအပါး ဓာတ်လိုင်းများနှင့် ထိမိခိုက်မိ ညိကြလေ၏။ ထိုအခါ မီးပွင့်ဖြူဖြူတို့ထွက်၏။ ကျယ်လောင်သော အသံကိုလည်း ကြားရ၏။ ကံဆိုးသူ အပူသည်တချို့သည် ယင်းကြိုးများအောက်တွင် ရောက်နေတတ်၏။ ယင်းသို့ဖြစ်ခဲ့ပါမူ ၄င်းတို့၏ လက်ရှိအပူလည်း ချက်ချင်းငြိမ်း၏။

ကျနုပ်ကား ကံကောင်းသဖြင့် ရေဖွေးဖွေးကြား မီးပွုင့်လည်းမိ၊ ရှေ့နှင့်ဘေးက ကားများလည်းပျက်၊ နောက်ကားများ ပိတ်စဉ် ယင်းသို့ ဓာတ်ကြိုးချင်း ကလူကျီစယ်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရ၏။ အုန်းကနဲမြည်၍ ဖွေးကနဲ ထွက်လာသော အဖြူရောင်အလင်းတန်းများ၊ ဘယ်ယိမ်း ညာယိမ်း လေယူရာတိမ်းနေသော မဟာဓာတ်အားလိုင်း။ ယင်းလိုင်းများအောက်တည့်တည့် ရေထဲမှ လှုပ်မရသော ကျနုပ်၏ကား။ ထိုအချိန်ဝင်ရောက်လာသော ကျနုပ်၏ ကြမ်းတမ်းလျင်မြန်သော ရင်ခုန်မှု။

ရန်ကုန်ကား မိုးတွေသည်းဆဲ၊ ပူလည်း ပူဆဲ။

4 comments:

Anonymous said...

ရန်ကုန် ရေသတင်းနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေတော့ တွေ့မိပါရဲ့၊ အခုမှပဲ ကိုယ်တွေ့ပြန်ရေးတာ ဖတ်ဖူးပါတယ်။

Mr.Pooh @ မောင်ပွတ် said...

အစ်ကိုရေ - အစ်ကို့ Post တွေကိုဖတ်၇တာ ဗဟုသုတရသလို စာအုပ်အတွက်လည်း ပါသင့်တဲ့ Post တွေများပါတယ်။ ဒါပေမယ့် ဗမာပြည်မှာ ပုံနှိပ်ရောင်းချမှာဖြစ်လို့ ထည့်သွင်းခွင့်မရလိုက်တာကို နားလည်ပေးစေချင်ပါတယ်။
အစ်ကို့အကြောင်းပါတဲ့ Post တစ်ခု ကျွန်တော့် အိုအေစစ်မှာ တင်ထားပါတယ်။ http://myanmaroa6.blogspot.com/2007/05/blog.html ပါ။ လာလည်ပါဦး။

Ka Daung Nyin Thar said...

သာဓု သာဓု သာဓု..
(ကျွန်ုပ်သည်လည်း ထိုရင်ခုန်ရခြင်းကို ခံစားလိုလှသည်။ သို့သော် ကျွန်ုပ်တွင် ပိုက်ဆံကားမရှိ)

generation96 said...

ကိုပု…ဖတ်ချင်းအတွက် ကျေးဇူးတင်၏။
ကိုPooh…ကျေးဇူးတင်ကြောင်း၊ နားလည်ပါကြောင်း၊ အိုအေစစ်ကို လာလည်မည်ဖြစ်ပါကြောင်း။
Mr.ဒေါင်း…ထိုသို့ဆန်ဆန် ရင်ခုန်ခြင်းခံစားလိုပါက စင်ကာပူတွင် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးကြိုး တဂျိမ်းဂျိမ်း ပစ်နေချိန်ဝယ် နီးစပ်ရာ ကွင်းပြင်လယ်တွင် ထွက်ရပ်နေပါ။ ရင်ခုန်ရန် အာမခံသည်။