Monday, May 21, 2007

၁၇ ပြည့်မယ့် ၂၇

လာမယ့် ၂၇ ရက်နေ့ဆို ၁၉၉၀ ရွေးကောက်ပွဲ ပြီးခဲ့တာ ၁၇နှစ် ပြည့်ပြီ။ ဒီ ၁၇ နှစ်အတောအတွင်းမှာ ရွေးကောက်ပွဲရလာဒ်ကို အာဏာရှင်တို့က လုံးဝ ဥပက္ခာပြုထားသလို သူတို့အကြိုက် ရွေးကောက်ပွဲကို မေ့ပစ်သင့်တယ်လို့ ယူဆလာတဲ့သူတွေ၊ ယူဆချင်လာတဲ့သူတွေ၊ တော်တော်များလာတာတွေ့ရတယ်။

ကျနော့်အမြင်

၁၉၉၀ ရွေးကောက်ပွဲဟာ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ တိုက်ရိုက်ရလာဒ်ဖြစ်တယ်။ ၈၈ မရှိခဲ့ရင် ၉၀ ဆိုတာ ရှိလာမှာ မဟုတ်ဘူး။

၁၉၉၀ မှာ မဲပေးခဲ့ကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာလည်း ၈၈ အရေးတော်ပုံကို မျက်မြင်ကိုယ်တွေ့ သိရှိခံစားခဲ့ကြရတဲ့သူတွေဖြစ်တယ်။

ဒီလူတွေဟာ ဒီ ၁၉၉၀ ရွေးကောက်ပွဲအတွက် သူတို့ရဲ့ အသက်၊ သွေး၊ ချွေး ရင်းခဲ့ရတယ်။ မိသားစုပေါင်းများစွာ ပြိုကွဲခံခဲ့ရတယ်။ မိဘပေါင်းများစွာ သားသမီးတွေ ဆုံးရှုံးခံခဲ့ရတယ်။ ညီအကိုတွေ၊ မောင်နှမတွေ ဆုံးရှုံးခဲ့ကြရတယ်။

သူတို့တွေ သူတို့သွေးနဲ့ ရင်းခဲ့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ယုံကြည်တဲ့လူတွေလက်ထဲ တိုင်းပြည်ကို အပ်ခဲ့ကြတယ်။ ဒါဟာ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒ။

၁၇ နှစ်ကြာခဲ့ပြီ။ ၈၈ မျိုးဆက်တွေ၊ မဲပေးခဲ့ဖူးကြတဲ့သူတွေ၊ သူတို့တွေ အသက်ရှင်နေကြသေးတယ်။ သူတို့တွေ တိုင်းပြည်အတွက် မျှော်လင့်နေကြသေးတယ်။ တိုက်ပွဲဝင်နေကြသေးတယ်။

၁၉၉၀ ရွေးကောက်ပွဲကို မေ့လိုက်မယ်ဆိုရင် ၁၉၈၈ အရေးတော်ပုံကို ချောင်ထိုးလိုက်တာပဲ။ ၈၈ အာဇာနည်တွေရဲ့ ဆန္ဒကို လုံးလုံး ဆန့်ကျင်လိုက်တာပဲ။

ဒါကြောင့် ၁၇ နှစ်ပဲကြာကြာ၊ ၂၇ နှစ်ပဲကြာကြာ… ၈၈ မျိုးဆက်တွေ အသက်ရှင်နေသမျှ သူတို့ယုံကြည်တဲ့ အစိုးရကို တိုင်းပြည်အုပ်ချုပ်ခွင့် သက်တမ်းတခုတော့ ပေးရမယ်။ သူတို့ဆန္ဒ ပြည့်ဝရမယ်။ ၁၉၉၀ ကိုမေ့ပစ်ဖို့ မကြိုးစားပါနဲ့။

0 comments: