Wednesday, January 17, 2007

ဂန္ဓာလရာဇ် မှတ်တမ်း - ၁

တရုတ် ၀န်ကြီးချုပ် ချူအင်လိုင်ရဲ့ ဖိတ်ကြားချက်အရ ၀န်ကြီးချုပ် ဦးနုဟာ ၁၉၅၄ခု နိုဝင်ဘာလကုန်မှာ တရုတ်ပြည်ကို မိတ်ဆက်သွားရောက်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ကတော် ဒေါ်မြရီ၊ တရားလွှတ်တော်ချုပ် တရားဝန်ကြီး သတိုးမဟာသရေစည်သူ ဦးမြင့်သိန်း၊ ၀န်ကြီးချုပ်၏ အတွင်းဝန်နှင့် ၀န်ကြီးများအဖွဲ့ အတွင်းဝန် သရေစည်သူ ဦးဝင်းဖေ၊ ၀န်ကြီးချုပ်၏ စီမံကိန်းအတွင်းဝန် သီရိပျံချီ ဦးသန့်၊ စစ်ရုံးမှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး အောင်ကြီး၊ ၀န်ကြီးချုပ်၏ ကိုယ်ရံတော် ဗိုလ်ကြီး ပြည်စိုး၊ ၀န်ကြီးချုပ်၏ အတွင်းရေး အတွင်းဝန် ဒေါ်ခင်စု၊ စာပေဗိမာန် မဂ္ဂဇင်း အယ်ဒီတာ ဦးထင်ကြီး၊ အထူး စုံစမ်းစစ်ဆေးရေးဋ္ဌာနမှ ဘာသာပြန် ဦးကျင်မောင်နဲ့ ရုပ်ရှင်နှင့် ပြဇာတ်ဋ္ဌာနမှ ဦးသိန်းထွေးတို့ လိုက်ပါသွားပါသတဲ့ (မောလိုက်တာ)။

အဲဒီခရီးစင်မှာ လိုက်ပါသွားကြတဲ့လူတွေထဲက ဦးနု၊ ဦးမြင့်သိန်း၊ ဦးဝင်းဖေ၊ ဦးသန့်၊ တက္ကသိုလ်ထင်ကြီး၊ ခင်နှင်းယု(ဒေါ်ခင်စု) နဲ့ ဗိုလ်မှူးကြီးအောင်ကြီးတို့ရေးတဲ့ မှတ်တမ်းတွေရယ် မိန့်ခွန်းတွေရယ် စုပေါင်းပြီး ဂန္ဓာလရာဇ် မှတ်တမ်းရယ်လို့ စာအုပ်ထုတ်ခဲ့ပါတယ်။ ၁၉၅၅ခု ဇူလိုင်လမှာ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှ ထုတ်ဝေပါတယ်။ (ဂန္ဓာလရာဇ် ဆိုတာ တရုတ်ပြည်ကို ခေါ်တဲ့ အသုံးအနှုန်းဖြစ်ကြောင်း ပြောပြစရာ လိုမယ်မထင်ပါဘူး။ လိုလည်း ခုပဲပြောလိုက်ပါပြီ။)

အဲဒီထဲက ခင်နှင်းယု(ဒေါ်ခင်စု) ရေးတာလေးကို ဝေမျှလိုက်ပါတယ်။ ဂန္ဓာလရာဇ် မှတ်တမ်း စာအုပ်မှ မူရင်း စာလုံးပေါင်းများအတိုင်း ကောက်နှုတ်ဖော်ပြပါမယ်။ ( ) ထဲက စာတွေကတော့ ကျနော်လက်ဆော့ထားတာတွေပေါ့။

ပီကင်းကို ရောက်ပြီးသည့် နောက်နေ့တွင် ဗမာပြည်ကို အထူးသတိရ၏။ ရန်ကုန်တွင်မူ နံနက်မိုးလင်းလျှင် မရွှေဇင်၏ရုံးခန်း၌ သတင်းစာတို့ပြည့်၍ နေလေသည်။ ဤသတင်းစာတို့ကို ကောက်၍ဖတ်လိုက်လျှင် အစိုးရကို ထောက်ခံသည့် သတင်းစာလည်း ရှိ၏။ အစိုးရကို ရစရာမရှိအောင် ဝေဖန်ထားသော သတင်းစာလည်းပါသည် (ကွာသလိုလိုပါပဲလားနော်)။ အပြုအားဖြင့် ဝေဖန်သူလည်း ရှိ၏၊ တမင်အပြစ်ရှာသူလည်း ရှိ၏ (ဒါကြောင့် ပြောတာ၊ အပြစ်တင်ခံနိုင်အောင် လေ့ကျင့်ထားကြပါလို့)။ သို့သော် ဤကဲ့သို့ အသံအမျိုးမျိုးထွက်သော သတင်းစာမျိုးစုံကို ဖတ်ရသည်မှာ အရသာ တမျိုး ရှိသည်ဟု မရွှေဇင်က ထင်သည်။

ပီကင်း သတင်းလွှာတွင်မူ တရုပ်ဘာသာနှင့် သတင်းစာ ၃-၄စောင် အပြင် အင်္ဂလိပ်လို Daily News Release ဆိုသော နေ့စဉ်သတင်းလွှာတစောင်ပင် ဖတ်ရလေသည် (မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar ပေါ့၊ ထူးဆန်းပါဘူးနော်)

နေ့စဉ် သတင်းလွှာကလည်း အစိုးရဘာလုပ်သည်၊ ဘာကိုင်သည်ကိုဖော်ပြ၍ အစိုးရလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း “အားလုံးဘဲ ကောင်းပါသည်ခင်ဗျား” ဟူ၍ ရေးသားထားသော စာစောင်ဖြစ်သည် (ဒေါ်ခင်နှင်းယု ၂၁ ရာစု ဗမာပြည်ကို ရောက်ရှိသွားပုံရသည်၊ မြန်မာ့အလင်းတို့ ကြေးမုံတို့ ကြိုဖတ်မိပုံပေါ်သည်)

ဗမာအစိုးရ ပြန်ကြားရေးဋ္ဌာနမှ ထုတ်ဝေသော ပြည်ထောင်စုသား ဆံဆံပင် ဖြစ်ပေသည်။

ပီကင်းတွင် သတင်းစာဖတ်ရသည်မှာ ရင်ထဲတွင် အမှန်ပင်ဟာပေသည်။ ရန်ကုန်မှာ ဆိုလျှင်တော့ မရွှေဇင်သည် သူ၏ချစ်လှစွာသော အစိုးရကို အမြဲထောက်ခံ၍ ကောင်းပါ့၊ မှန်ပါ့ လုပ်၍ရေးသားလေ့ရှိသော အချို့သတင်းစာများကို ကြော်ငြာကြီးနှင့်တူ၍ မဖတ်ချင်ခဲ့သော် အပြင်းအထန်ဝေဖန်သော သတင်းစာများကို ရွေး၍ဖတ်နိုင်၏။

ဂန္ဓာလရာဇ် မှတ်တမ်း- စာမျက်နှာ ၆၇

1 comments:

Thiha Kyaw Zaw said...

Good tel byar. I have never read that book before. Thanks for sharing.