Thursday, January 18, 2007

ဂန္ဓာလရာဇ် မှတ်တမ်း - ၂

အစိုးရဆိုသည်မှာလည်း ပုထုဇဉ် လူသားတို့ပါဝင်၍ ဖွဲ့စည်းအပ်သော အာဏာပိုင်အဖွဲ့ဖြစ်၏။ လူဆိုသည်မှာ မှားကြ၏။ ထို့ကြောင့် လူတို့ပါဝင်သော အစိုးရအဖွဲ့သည် အမှားလည်း ရှိပေမည်။ အမှန်လည်းရှိပေမည်။ အစဉ်ထာဝရမှန်ကန်ကောင်းမွန်နေသည်ဟူ၍တော့မဖြစ်နိုင်ပေ (ဖြစ်နိုင်ပါတယ်ဗျ၊ ခုဆို ၁၉နှစ်ရှိတော့မယ်။ တခုမှ မမှားသေးဘူး။ အဲလူမဟုတ်ရင်တော့ မပြောတတ်ဘူး)။ အကယ်၍အစိုးရသည် မှားခဲ့သော် ဤအစိုးရကို အာဏာအပ်နှင်းထားသော ပြည်သူလူထုမှ အပြုသဘောဖြင့် ဝေဖန်လျှင် အစိုးရက လက်ခံရပေမည် (အာဏာသိမ်းထားပါက ဝေဖန်လျှင် လက်ခံစရာမလို။ မှတ်လော့)။ ပြစ်တင်လျှင်လည်း ပြုံးရွှင်စွာ လက်ခံရပေမည် (ဒါကြောင့်ပြောတာ ဒီမိုကရေစီဟာ မကောင်ဘူး၊ ပြစ်တင်ရင် ပြုံးရွှင်ရမတဲ့။ ပြုံးစရာလားလို့။ အင်းစိန် အင်းစိန်….)

ဤအကွက်သည် ဒီမိုကရေစီ၏ ချစ်စရာကောင်းသော အကွက်ပင် မဟုတ်ပါလား။ ပြစ်တင်သံ၊ ဝေဖန်သံ၊ ထုသံ၊ နှက်သံ၊ ခနဲ့သံ၊ ဆဲသံတို့ဖြင့် ပြည့်နှက်၍နေသော ဗမာသတင်းစာများကို နှင်းခဲများအောက်မှနေ၍ လွမ်းမိပေသည်။ ဗမာသတင်းစာဆရာများ မျက်နှာကိုလည်း မြင်ယောင်လာသည်။

နောက်တော့ သတင်းစာဆရာများကို ပိုမိုသတိရသည်မှာ ပီကင်းတွင် ၀န်ကြီးချုပ် သတင်းစာဆရာ အစည်းအဝေးလုပ်သည့်နေ့ ဖြစ်ပေသည်။

ထိုနေ့တွင် သတင်းစာဆရာ စုံစုံလင်လင် ၄၀-ကျော် ၅၀ နီးပါး တက်ရောက်ကြသည်။ အစည်းအဝေးစကတဲက မရွှေဇင်သည် ၀င်၍နားထောင်၏။ သတင်းစာဆရာတို့သည် တရုပ်လိုမေး၍ ဘာသာပြန်သူကတဆင့် ၀န်ကြီးချုပ်သို့ အင်္ဂလိပ်လိုပြောရသည်။

များသောအားဖြင့် မေးခွန်းတို့သည်အရေးမကြီးလှ။ “၀န်ကြီးချုပ်ပီကင်းကိုဘယ်လိုထင်ပါသလဲ`“ အစရှိသော စကားစပ်သဘောမျိုး မိတ်ဆက်မျိုးလောက်ပင် ဖြစ်သည်။

ရန်ကုန်တွင် သတင်းစာ အစည်းအဝေးကို အမြဲနားထောင်နေရသော မရွှေဇင်အဖို့ စိတ်ထဲတွင် တမျိုးဖြစ်နေပြန်သည်။ အစည်းအဝေးသည် ခဏပင် ကျင်းပ၍ပြီးဆုံးသွားသည်။

အကယ်၍ ဗမာသတင်းစာဆရာများကို ဤလို အစည်းအဝေး၌ ချ၍ပေးလိုက်ရလျှင် မေးလိုက်ကြမည်ဖြစ်ခြင်း။ အပ်ကျသည်ကအစ မိုးမီးလောင်သည့် ကိစ္စအထိ ပွင့်လင်း ရဲတင်းစွာ မေးကြပေမည်(ယခုကား ခေတ်ပြောင်းလေပြီ။ အမေးခံချင်သည့် မေးခွန်းများကို ပုံနှိပ်၍ သတင်းစာဆရာများအား ကြိုတင်ပေးကာ မေးစေ၏)

ဂန္ဓာလရာဇ် မှတ်တမ်း- စာမျက်နှာ ၆၈

3 comments:

Thiha Kyaw Zaw said...

Good tel byar. I have never read that book before. Thanks for sharing.

မေဓာဝီ said...

ဂန္ဓာလရာဇ်မှတ်တမ်း ကောက်နုတ်ချက်များအတွက် ကျေးဇူးတင်ပါတယ်ရှင် ..
ကွင်းစကွင်းပိတ်ထဲက စာသားတွေဖတ်ပြီးတော့လည်း ပြုံးမိပါရဲ့ ..
နောက်ထပ်လည်း မျှဝေပေးပါအုံးနော် …

generation96 said...

အားပေးကြတာကို ကျေးဇူးပါဗျာ။ တွေ့မိ၊ ဖတ်မိရင် ဝေငှပါအုံးမယ်။