ကျနော်တို့ဗမာတွေဟာ ကျနော့်အမြင်တော့ အတော်ကို ဝေဖန်ခံနိုင်အားနည်းတယ်။ ကျနော်လည်း ပါတယ်နော်။ ဘုသွားတာ သက်သေပေါ့။ ဒီကောင် ဘယ်လောက်သိလို့လည်းတောင် တွေးလိုက်သေး။ ငါ့လောက်ပဲ သိအုံးမလားလည်း ပါသေး။ စုံလို့ပါ။ ထားတော့။ ကျနော်တို့တတွေကလည်း တသွေး တသံ တမိန့် ဆိုတဲ့ သက်ဦးဆံပိုင် စနစ်ဆိုးကြီးအောက်မှာ ကြီးပြင်းလာသကိုး။ အုပ်ချုပ်သူလူတန်းစားကို ပြန်ဝေဖန်ခွင့် မရခဲ့သလို ဝေဖန်ရင်လည်း လက်မခံဘူးဆိုတဲ့ အကျင့်ဆိုးကြီးနဲ့ လူဖြစ်လာကြတော့ အင်း…. သူတို့အပြစ်ပဲပေါ့နော်။ ငယ်ငယ်တည်းက လွတ်လွတ်လပ်လပ် မှန်တယ်ထင်သမျှပြောခွင့်ရှိခဲ့မယ်ဆို ကိုယ်မှားတာတွေ သူများကပြောလည်း အလှည့်ကြတော့ မနွဲ့ကြစတမ်းဆိုသလို ပြုံးပြုံးလေး လက်ခံတတ်လာမယ်ထင်ပါတယ်။ ခုတော့ ဗမာတွေဟာ ဝေဖန်ပြီဆိုရင် နောင်ဂျိန်ပလေးနေကြတာပဲ တွေ့တွေ့နေရတယ်။ ဟဲဟဲ..အပြစ်ပြောတာ မဟုတ်ဘူးနော်။ ဝေဖန်တာ။ ကိုယ့်တိုင်းပြည်က မဂ္ဂဇင်းတွေမှာပဲကြည့် လူတွေက စံထား နမူနာယူရမယ့် စာရေးဆရာတွေ ကလောင်သွေးပြီးဆော်နေကြတာ။ ကောင်းတဲ့ဝေဖန်ရေးတွေရှိပေမယ့် ကိုယ့်ဆော်လို့ ပြန်ဆော်တယ်ကွာဆိုတာတွေပဲ များနေတယ်။ သြော်ဟုတ်သား။ ငါမှားသွားတယ်။ သူ့ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်တော့ မတွေ့ဖူးဘူးလိုပဲ။ ဗိုလ်ချုပ် အပြောလေးနဲ့ ပြောရင် ဒါမျိုးတွေ ဖြစ်နေလို့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး ပေါ့။ ဒီမိုကရေစီသာရခဲ့ရင် ကိုယ်လည်းသူများကို မှန်တယ်ထင်တာတွေ ပြောခွင့်ရှိမယ်။ သူများကလည်း ကိုယ့်ကို သူတို့ မှန်တယ်ထင်တာတွေ ပြောကြမှာပဲ။ ခုလိုသာ အပြောခံရတိုင်း နောင်ဂျိန်နေမယ်ဆို ဒီမိုကရေစီဟာ အလကားကြီးဖြစ်သွားမယ်။ ကြိုပြီး အကျင့်ကောင်းလေးတွေ မွေးကြပါဗျ။
ကျနော်ကတော့ ပြောခဲ့တဲ့အတိုင်း စစချင်း ဘုပေမယ့်လို့ ပြင်လိုက်ပါတယ်နော်။ အမည်မရှိသာ ကျနော့် အမှားကို မပြောခဲ့ရင် ကျနော်လည်း ဒီအမှားကြီး တသက်လုံးယုံသွားမယ်။ ဒီအမှားကိုပဲ လူတွေ အများကြီးကို ထပ်ပြောမိမယ်။ ကျနော့်စာကို ဖတ်ပြီး မျက်စိမှိတ်ယုံမိကြတဲ့သူတွေလည်း အမှားကြီးကို အမှန်လုပ် သူများတွေကို ထပ်ပြောမိကြမယ်။ သူတို့ရဲ့နောက်မျိုးဆက်တွေလည်း မှားကြတော့မယ်။ ကဲ….ဘယ်လောက် အန္တရာယ်ကြီးသလဲ။ ဝေဖန်ခံရတာ၊ အမှားတွေ ထောက်ပြခံရတာ ကောင်းပါတယ်။ ကျေးဇူးတင်ကြပါ။ ဒေါသရှေ့ထားမှားမပေါ့။ ဝေဖန်ကြပါ….များများဝေဖန်ကြပါ။ အားမနာတမ်း ဝေဖန်ကြပါ။ ဒီမိုကရေစီခေတ်ကြီးမှာ နေတတ်အောင် လေ့ကျင့်ကြပါ။
သြော်..အောက်က ကဗျာလေးလည်း မြည်းသွားပါအုံး။
ငါတတ် ငါတော် ၊ ငါအကျော်ဟု
ငါသော် စိတ်ထား ၊ မရှိငြားလည်း
ငါကား ငယ်ရွယ် ၊ ဥာဏ်မကြွယ်၍
အဘယ်သို့လျင် ၊ အမှားစင်အံ့
အကြင်သူတော် ၊ ပညာကျော်သည်
ချွတ်ချော်လွဲမှား ၊ ငါ့စကားကို
စိတ်ထားဖွေးဖြူ ပြင်တော်မူ။
ရှင်အဂ္ဂဉာဏ
တာရာမင်းဝေ - လရောင်ကိုပန်၍ ညဥ့်ယံ၌လည်း မွှေးမြဖြူစင်နိုင်စေ (ပထမ စာမျက်နှာ)
0 comments:
Post a Comment