Thursday, April 12, 2007

ဗမာပြည်၊ သင်္ကြန် နဲ့ နိုင်ငံရေးရာ

ဝန်ထမ်းများနှင့် အနုပညာရှင်များ နေပြည်တော် သင်္ကြန်တွင် ဆင်နွှဲရန်ညွှန်ကြား

ကြည်ဝေ | ဧပြီ ၁၀၊ ၂၀၀၇

စစ်အစိုးရ မြို့တော်သစ် နေပြည်တော်တွင် ရေသဘင်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ၀န်ထမ်းအားလုံး သင်္ကြန်ပိတ်ရက် ရေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲရန် နေရပ်များသို့ ပြန်ခွင့်မပြုသကဲ့သို့ အနုပညာရှင်များကိုလည်း လာရောက် ဖျော်ဖြေရန် ညွှန်ကြားထားကြောင်း သိရသည်။

အပြည့်အစုံကို ဧရာဝတီမှာ ဖတ်နိုင်ပါတယ်။

ကဲ ဘာပြောချင်ကြလဲ။ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး။ ဒီမိုကရေစီ၊ ဒီမိုကရေစီ။ တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေး။ အဟမ်း…….မောမယ်။

ကျနော်တို့တွေ အနိုင်ကျင့်သမျှ ငြိမ်ခံနေလို့တော့ ဒါမျိုးတွေ နောင်မျိုးဆက်ပေါင်းများစွာ ခံကြရဦးမယ်။ တခုခုလုပ်ရင် တခုခုဖြစ်မှာ ကြောက်တိုင်းလည်း ဘာမှမလုပ်ပဲ မနေသင့်ပြန်ဘူး။ ဗမာတွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း၊ မတရားတဲ့ အမိန့်အာဏာတွေကို ဆန့်ကျင်ကြောင်း တတ်နိုင်သမျှ ပြကြရမယ်။ ဒီနေရာမှာ ကျနော်ပြောချင်တာက ဆန္ဒပြ လမ်းပေါ်ထွက်အော်ဖို့ မဟုတ်။ တဦးချင်း တဦးချင်း လုပ်နိုင်သလောက်လုပ်တာကို ပြောချင်တာဖြစ်တယ်။

ဘာလုပ်ကြမလဲ။ လုပ်နိုင်တာတွေ သိပ်ကိုများတယ်။ အနီးဆုံးတော့ သင်္ကြန်ပေါ့။ တတိုင်းပြည်လုံး ပျော်ကြ၊ ကဲကြမယ်။ ဒီအချိန်မှာ သူတို့ကို အထီးကျန်ဆန်အောင် ပစ်ထားနိုင်ရမယ်။ သူတို့တတွေရဲ့ ပွဲလမ်းသဘင်တွေကို အားမပေးသင့်ဘူး။ သူတို့တွေရဲ့ မဏ္ဏပ်တွေမှာ သွားမပျော်သင့်ဘူး။ အဲဒီနေရာတွေမှာ လူတွေခြောက်ကပ်နေတာဟာ လူထုက သူတို့ကို ဆန့်ကျင်တယ်ဆိုတာ ထင်ရှားစေတယ်။ ဒါ ဘယ်သူမှ ဒုက္ခမရောက်ပဲ ဆန့်ကျင်ခြင်းပဲ။ ဒီလောက်လေးတော့ ဗမာပြည်သားတိုင်း လုပ်နိုင်သင့်တယ်။ လုပ်နိုင်ရမယ်။

အနုပညာရှင်တွေ အနေနဲ့လည်း ခေါ်တိုင်း သွားစရာမလိုဘူး။ ဇာဂနာလို သတ္တိတွေရှိကြသင့်တယ်။ အဲဒီလောက်မရှိလည်း ဖျားတယ်၊ နာတယ်ဆိုရင် ဘာမှတတ်နိုင်မယ်မဟုတ်ဘူး။ အနုပညာရှင်တိုင်း ညီညွတ်ရင် ဒီအမိန့်ဟာ သဲထဲရေသွန်ဖြစ်သွားမှာပဲ။ ကပ်ဖားရပ်ဖား အကယ်ဒမီ လိုချင်တဲ့ သူများကတော့ သွားကြလိမ့်မပေါ့။

အခါကြီး ရက်ကြီးမှာ နိုင်ငံရေးတွေ မပြောပါနဲ့၊ မလုပ်ပါရစေနဲ့ ဆိုတဲ့ လူတွေရှိလိမ့်မယ်။ ဟုတ်ကဲ့…ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်တော်လှန်ရေးတုန်းက “၂-ပတ်ပဲ တော်လှန်မယ်၊ သင်္ကြန်ကျရင် စစ်မတိုက်ဘူး”လို့ ပြောခဲ့ဘူးသလား။ ကမ္ဘာစစ်ပွဲတွေမှာ နှစ်သစ်ကူးမို့လို့ ခရစ္စမတ်မို့လို့ ဟိုဘက်ဒီဘက် မချကြေးလို့ စစ်ဗိုလ်ချုပ်တွေ သဘောတူခဲ့ဘူးသလား။ အဖိုး အဖွားတွေ ရှိသေးရင် မေးကြည့်ပါ၊ ဗမာပြည်ဟာ ဒုတိယကမ္ဘာစစ်တုန်းက “ခရစ္စမတ် လက်ဆောင်” ဆိုပြီး ဗုန်းတွေဘယ်လို အကြဲခံခဲ့ရဖူးတယ် ဆိုတာ။

တိုက်ပွဲတပွဲ တိုက်ပြီဆိုရင် ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ရတဲ့အခွင့်အရေးကို ယူတိုက်ရတယ်။ နိုင်ငံရေးဆိုတာ ကျည်ဆန်မပါတဲ့ တိုက်ပွဲပဲ။

ဝန်ခံရှင်းလင်းချက်။ ။ ဤစကားလုံးတိုင်းသည် စာရေးသူ၏ ယုံကြည်ချက်၊ ခံယူချက်များသာဖြစ်သည်။ သဘောတူခြင်း၊ မတူခြင်းသည် စာဖတ်သူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သည်။

2 comments:

Anonymous said...

မင်္ဂလာရှိသော ၁၃၆၉ ဖြစ်ပါစေ ကိုမျိုးဆက်ရေ။

စာလုံးလေးတွေ ကြိုက်တယ်ဗျ၊ "နှစ်ပတ်ပဲတော်လှန်မယ်၊ သင်္ကြန်ကျရင် စစ်မတိုက်ဘူး" ရယ်လို့မရှိဘူးဆိုတာ။

generation96 said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။
ကိုပုထုဇဉ်အတွက်လည်း ၁၃၆၉ မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ဖွယ် နှစ်သစ်များ ဖြစ်ပါစေ။