Monday, May 28, 2007

ကံဆိုးကာစ ဗမာပြည် (၇)

နိုင်ငံတော် တော်လှန်ရေးကောင်စီဝင်များအား တဦးချင်း အနေနှင့်၎င်း၊ အဖွဲ့အစည်းများအားဖြင့်၎င်း လက်ဆောင်ပေးခြင်းမှ လုံးဝရှောင်ကျဉ်ကြရန် လေးနက်စွာ မေတ္တာရပ်ခံချက်။

နိုင်ငံတော် တော်လှန်ရေးကောင်စီသည် အစိုးရအာဏာကို သိမ်းယူပြီးလျှင်ပြီးခြင်း တော်လှန်ရေးကောင်စီဝင်များသည် နိုင်ငံတော်၏ တာဝန်များကို သန့်သန့်ရှင်းရှင်းနှင့် ထမ်းဆောင်ကြရာ၌ ပျက်စီးစေခြင်း၏ အကြောင်းရင်းခံဖြစ်သော လက်ဆောင်ပေးခြင်း လက်ဆောင်ယူခြင်းများကို လုံးဝမပြုလုပ်ကြရန် ပဋိညာဉ်တရပ်အနေနှင့် ရေးဆွဲဆုံးဖြတ်ခဲ့သည်။ မလွှဲမရှောင်သာဘဲ အလုပ်ကိစ္စ သဘောအားဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရာ၌ တိုင်းပြည်အနေနှင့် လက်ဆောင်ပေးရခြင်း၊ ယူရခြင်းများ ရှိခဲ့လျင်လည်း ချက်ချင်းစာရင်းနှင့်တကွ တပ်မတော်မော်ကွန်းတိုက်သို့ ပေးအပ်ရမည်ဟူ၍ စည်းမျဉ်းသတ်မှတ်ထားခဲ့ကြပါသည်။ (အဲဒါ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီစာရင်းလေး ကြည့်ချင်လိုက်တာ။)

ယခုကဲ့သို့ ရဟန်းရှင်လူအပေါင်းတို့အား အတိအလင်း အသိပေး ကျေညာပြီး မေတ္တာရပ်ခံခြင်း အကြောင်းတရပ် ပေါ်ပေါက်လာခြင်းမှာ မကြာမီက ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ ကုမ္ပဏီကြီးတခုက နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းအတွက် မေတ္တာလက်ဆောင်အဖြစ် နောက်ဆုံးပေါ် အသစ်ဆုံးနှင့် အကောင်းဆုံး ဂေါ့(ဖ)ရိုက် ကိရိယာတစုံကို ဗိုလ်ချုပ်ကြီး၏ အမည်ရေးထိုးကာ ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ထံမှ တဆင့် ပေးပို့လိုက်သည့် အတွက်ဖြစ်သည်။ (ငတုံး၊ ငတုံး။ တဆင့် ပေးမှတော့ လူသိကုန်ပြီပေါ့။ ဟင်း..ဟင်း) ၄င်း လက်ဆောင်ကိုလည်း ဗိုလ်ချုပ်ကြီးသည် ချမှတ်ထားသော စည်းမျဉ်းအတိုင်း လက်ခံမယူဘဲ ရောက်သည်နှင့် ပြန်၍ ပေးပို့လိမ့်မည် ဖြစ်ပါသည်။(ပေးပို့လိမ့်မည် ဆိုတော့ တကယ်ပေးပို့ မပို့လည်း သိချင်ပြန်ရော။)

ပြည်သူလူထု လက်တွေ့အားဖြင့် သိရှိပြီးဖြစ်သည့်အတိုင်း လက်ဆောင်ပေးခြင်း၊ ယူခြင်းကိစ္စများမှာ မြန်မာတို့၏ ဓလေ့ထုံးတမ်းများ အားနာမှု စသည်တို့နှင့် ရောယှက်နေရာ မည်သူကမှ ပြင်းထန်စွာ မကန့်ကွက်ဘဲ မကောင်းသော အလေ့အကျင့် ဖြစ်လျှက်နှင့် ကောင်းသယောင်ယောင်နှစ်သိမ့်ပြီး ငြိမ်၍နေခဲ့ကြခြင်းဖြစ်သည်။ မေတ္တာလက်ဆောင်မှတဆင့် တန်စိုးလက်ဆောင် ထိုမှတဆင့် အဂိတိလိုက်စားခြင်း တစတစနှင့် တိုင်းပြည်၏ ခေါင်းဆောင်များမှစ၍ အများအပြားပင် ကိုယ်ကျင့်တရား ယိုယွင်းလာခဲ့ကြပါသည်။ ယခုအခါ ထိုမကောင်းသော အလေ့အထများကို တော်လှန်ပစ်ရန် အချိန်ကျရောက်ပြီဖြစ်သဖြင့် တော်လှန်ရေးကောင်စီဝင်များသည် လက်ဆောင်ယူခြင်း ပေးခြင်းများ ရှောင်ရှားကာ အထက်ဖေါ်ပြပါအတိုင်း တိကျစွာ လိုက်နာကျင့်သုံးကြမည်ဖြစ်သည်။

ဤသို့ ပြည်သူလူထုအား မေတ္တာရပ်ခံထားပါလျက်နှင့် တော်လှန်ရေးကောင်စီဝင်များထံ ဆက်လက်ပေးပို့မည်ဆိုလျှင် မည်သို့ပင် စေတနာထားသည် ဆိုသော်လည်း ပေးသူအတွက် အပြစ်ပင် ဖြစ်နိုင်ပါသည်။ (ဖြစ်နိုင်သည် ဆိုသည်မှာ ဖြစ်ဖို့မသေချာဟု ဆိုလိုသည်။ မပေးပါက ပို၍ပင် အပြစ်ဖြစ်နိုင်ခြေရှိသည်)

၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၂၂၀-၂၂၁)

0 comments: