Tuesday, May 29, 2007

မြင့်မြတ်သူတွေရင်ဆိုင်ခဲ့ရတဲ့ ယုတ်ညံ့မှုများ

ကျနုပ် လွန်စွာ ဒေါသထွက်နေသည်။ ထို့ကြောင့် ဤပို့စ်တွင်ပါသော စကားလုံးများ ကြမ်းတမ်းလိမ့်မည်။

အဆင့်အတန်းမရှိသူ၊ မိုက်ရိုင်းသူ၊ အောက်တန်းကျသူ၊ ကျက်သရေယုတ်သူတို့ရဲ့မျက်နှာတွေ မြင်ဖူးချင်ရင် တွေ့ဖူးတယ်ရှိအောင် ပြလိုက်ပါတယ်။ အောက်မှာကြည့်ပါ။

ဒီလူယုတ်မာတွေရဲ့ ပက်စက်တဲ့ အကြံအစည်တွေ၊ ဒီပဲယင်းလို ထပ် သတ်ဖို့ကြံစည်တာတွေ အကြောင်းလည်းဖတ်ပါ။

ရွှေတိဂုံကို အသွား (တကယ့်)ပြည်သူလူထု

အားမန်အပြည့်နဲ့ မိန့်ခွန်းပြောနေတဲ့ ကိုမင်းကိုနိုင်

ကိုမင်းကိုနိုင်ရဲ့ မိန့်ခွန်းကို ခေတ်ပြိုင်ကနေ နားထောင်နိုင်ပါတယ်။ ဘေးနားမှာ ကျနော်တင်ထားတဲ့ stickam မှာလည်း နားထောင်နိုင်ပါတယ်။

ရဲရဲတောက်တဲ့ (ကို)ကိုကိုကြီး

ပြည်သူတွေရဲ့ ရှေ့ဆုံးမှာ အမြဲရှိနေတဲ့ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တွေ။

လူထုရဲ့ ရင်ထဲကဆန္ဒ

ဒီလို ဆုတောင်းခဲ့ကြတယ်။

ပုံတွေ သတင်းတွေကို ဧရာဝတီမှာ၊ ခေတ်ပြိုင်မှာ၊ DVBမှာ ကြည့်နိုင်ပါတယ်။

ကိုမင်းကိုနိုင်တိုင်ပေးတဲ့ သစ္စာကို ရန်ကုန်မှာ မရှိတဲ့ကျနော် လိုက်မဆိုနိုင်လိုက်လို့ ဒီနေရာကနေ မျက်ရည်ဝဲစွာနဲ့ လှိုက်လှိုက်လှဲလှဲ လိုက်ဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကြားပါစေသား၊ သိပါစေသား။

အများအတွက်၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်၍၊ အနစ်နာခံ၍ နိုင်ငံရေးလုပ်ရင်း မိမိယုံကြည်ချက်အတွက် အကျဉ်းထောင်များ၌၊ နေအိမ်များ၌ မတရားဖမ်းဆီးခံနေရသော သူရဲကောင်းအပေါင်းအား ငါတို့ပြည်သူလူထုကြီးက ဦးညွှတ်လိုက်ပါတယ်။ သင်တို့ရဲ့ စွန့်လွှတ်မှုများကို ငါတို့ အတုယူရင်း သင်တို့ရဲ့ လုပ်ဆောင်မှုများအတိုင်း ငါတို့လည်း ပေးဆပ်ဖို့ အဆင်သင့်ရှိနေပါပြီ။ မြင့်မြတ်တဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့ တို့တိုင်းတို့ပြည် ဒီမိုကရေစီရှိမှ၊ လူ့အခွင့်အရေးရမှ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားသော လူမျိုးနဲ့ တိုင်းပြည်အဖြစ် ရပ်တည်နိုင်မှာမို့ ဒီမိုကရေစီရသည်အထိ ငါတို့အားလုံး မဆုတ်မနစ် ဇွဲမလျှော့ဘဲ သတ္တိမွေး၍ သင်တို့ထုံးကို နှလုံးမူကာ ဆက်လက်၍ အရေးတော်ပုံကြီးကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ငါတို့ပြည်သူလူထုကြီးက အကျဉ်းကျခံရဲဘော်အပေါင်းအား ဤရွှေတိဂုံခြေတော်ရင်းမှာ အခိုင်အမာ သစ္စာဆိုပါတယ်။




3 comments:

Monday, May 28, 2007

ကံဆိုးကာစ ဗမာပြည် (၇)

နိုင်ငံတော် တော်လှန်ရေးကောင်စီဝင်များအား တဦးချင်း အနေနှင့်၎င်း၊ အဖွဲ့အစည်းများအားဖြင့်၎င်း လက်ဆောင်ပေးခြင်းမှ လုံးဝရှောင်ကျဉ်ကြရန် လေးနက်စွာ မေတ္တာရပ်ခံချက်။

နိုင်ငံတော် တော်လှန်ရေးကောင်စီသည် အစိုးရအာဏာကို သိမ်းယူပြီးလျှင်ပြီးခြင်း တော်လှန်ရေးကောင်စီဝင်များသည် နိုင်ငံတော်၏ တာဝန်များကို သန့်သန့်ရှင်းရှင်းနှင့် ထမ်းဆောင်ကြရာ၌ ပျက်စီးစေခြင်း၏ အကြောင်းရင်းခံဖြစ်သော လက်ဆောင်ပေးခြင်း လက်ဆောင်ယူခြင်းများကို လုံးဝမပြုလုပ်ကြရန် ပဋိညာဉ်တရပ်အနေနှင့် ရေးဆွဲဆုံးဖြတ်ခဲ့သည်။ မလွှဲမရှောင်သာဘဲ အလုပ်ကိစ္စ သဘောအားဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရာ၌ တိုင်းပြည်အနေနှင့် လက်ဆောင်ပေးရခြင်း၊ ယူရခြင်းများ ရှိခဲ့လျင်လည်း ချက်ချင်းစာရင်းနှင့်တကွ တပ်မတော်မော်ကွန်းတိုက်သို့ ပေးအပ်ရမည်ဟူ၍ စည်းမျဉ်းသတ်မှတ်ထားခဲ့ကြပါသည်။ (အဲဒါ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီစာရင်းလေး ကြည့်ချင်လိုက်တာ။)

ယခုကဲ့သို့ ရဟန်းရှင်လူအပေါင်းတို့အား အတိအလင်း အသိပေး ကျေညာပြီး မေတ္တာရပ်ခံခြင်း အကြောင်းတရပ် ပေါ်ပေါက်လာခြင်းမှာ မကြာမီက ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ ကုမ္ပဏီကြီးတခုက နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းအတွက် မေတ္တာလက်ဆောင်အဖြစ် နောက်ဆုံးပေါ် အသစ်ဆုံးနှင့် အကောင်းဆုံး ဂေါ့(ဖ)ရိုက် ကိရိယာတစုံကို ဗိုလ်ချုပ်ကြီး၏ အမည်ရေးထိုးကာ ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ထံမှ တဆင့် ပေးပို့လိုက်သည့် အတွက်ဖြစ်သည်။ (ငတုံး၊ ငတုံး။ တဆင့် ပေးမှတော့ လူသိကုန်ပြီပေါ့။ ဟင်း..ဟင်း) ၄င်း လက်ဆောင်ကိုလည်း ဗိုလ်ချုပ်ကြီးသည် ချမှတ်ထားသော စည်းမျဉ်းအတိုင်း လက်ခံမယူဘဲ ရောက်သည်နှင့် ပြန်၍ ပေးပို့လိမ့်မည် ဖြစ်ပါသည်။(ပေးပို့လိမ့်မည် ဆိုတော့ တကယ်ပေးပို့ မပို့လည်း သိချင်ပြန်ရော။)

ပြည်သူလူထု လက်တွေ့အားဖြင့် သိရှိပြီးဖြစ်သည့်အတိုင်း လက်ဆောင်ပေးခြင်း၊ ယူခြင်းကိစ္စများမှာ မြန်မာတို့၏ ဓလေ့ထုံးတမ်းများ အားနာမှု စသည်တို့နှင့် ရောယှက်နေရာ မည်သူကမှ ပြင်းထန်စွာ မကန့်ကွက်ဘဲ မကောင်းသော အလေ့အကျင့် ဖြစ်လျှက်နှင့် ကောင်းသယောင်ယောင်နှစ်သိမ့်ပြီး ငြိမ်၍နေခဲ့ကြခြင်းဖြစ်သည်။ မေတ္တာလက်ဆောင်မှတဆင့် တန်စိုးလက်ဆောင် ထိုမှတဆင့် အဂိတိလိုက်စားခြင်း တစတစနှင့် တိုင်းပြည်၏ ခေါင်းဆောင်များမှစ၍ အများအပြားပင် ကိုယ်ကျင့်တရား ယိုယွင်းလာခဲ့ကြပါသည်။ ယခုအခါ ထိုမကောင်းသော အလေ့အထများကို တော်လှန်ပစ်ရန် အချိန်ကျရောက်ပြီဖြစ်သဖြင့် တော်လှန်ရေးကောင်စီဝင်များသည် လက်ဆောင်ယူခြင်း ပေးခြင်းများ ရှောင်ရှားကာ အထက်ဖေါ်ပြပါအတိုင်း တိကျစွာ လိုက်နာကျင့်သုံးကြမည်ဖြစ်သည်။

ဤသို့ ပြည်သူလူထုအား မေတ္တာရပ်ခံထားပါလျက်နှင့် တော်လှန်ရေးကောင်စီဝင်များထံ ဆက်လက်ပေးပို့မည်ဆိုလျှင် မည်သို့ပင် စေတနာထားသည် ဆိုသော်လည်း ပေးသူအတွက် အပြစ်ပင် ဖြစ်နိုင်ပါသည်။ (ဖြစ်နိုင်သည် ဆိုသည်မှာ ဖြစ်ဖို့မသေချာဟု ဆိုလိုသည်။ မပေးပါက ပို၍ပင် အပြစ်ဖြစ်နိုင်ခြေရှိသည်)

၁၉၆၂ ခုနှစ်ထုတ် ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းနှင့် မော်ကွန်းဝင်မှတ်တမ်း (စာမျက်နှာ ၂၂၀-၂၂၁)

0 comments:

Sunday, May 27, 2007

၂၇ ရဲ့ ၁၇

ဟိုးလွန်ခဲ့တဲ့ ၁၇နှစ် ဒီနေ့ ဒီအချိန်ဆို ဒီမိုကရေစီ ဆိုတဲ့ အရိပ်အယောင် ဗမာပြည်ပေါ်ရေးရေးလေး ကျခဲ့ဖူးသပေါ့။

မင်းမနိုင်လို့ခေါ်တဲ့ စစ်မှုထမ်းဟောင်းတွေနေနဲ့ နေရာက NLD, မှော်ဘီလို့ ခေါ်တဲ့ တပ်မြို့ ကလေးက NLD, ကိုကိုးကျွန်းဆိုတဲ့ တပ်နဲ့ ထောင်သာရှိတဲ့ ကျွန်းငယ်ကလေးက NLD, အဲဒီညက ရွှေတိဂုံ ခြေရင်း ဗဟန်း အမျိုးသားဒီမိုကရေစီ ဌာနချုပ်ရှေ့မှာ ရန်ကုန်လူထုကြီးဟာ ပျော်တပြုံးပြုံး အနာဂတ်ကို ရင်ခုန်လို့………။

0 comments:

Wednesday, May 23, 2007

မျက်နှာ

ကိုယ့်မျက်နှာကို

တရွာမှတ်ထင်၊ ကိုယ့်ကိုခင်သည့်

ချစ်ကြင်သူလေးရေ။

တရက်တရွာ၊ တမျက်နှာ

ဆက်ကာ ဆက်ကာ ပြောင်းခဲ့ပြီ။


အသက်၂၀

အမှန်မျက်နှာ၊ ငါကြည့်မှာပေါ့

ဘာမျှကိုယ်ကျိုးမကြည့်နိုင်။


အသက်၃၀

မှန်တိုင်းမဟုတ်၊ အလုပ်မျက်နှာ

ငါကြည့်မှာပေါ့

ဒါမှ အလုပ်ဖြစ်မယ်။


အသက်၄၀

မှန်သည်ကိုသိ၊ ကြည့်မနေနိုင်။

အလုပ်ကိုသိ၊ ကြည့်မနေနိုင်။

မယား၏ မျက်နှာ

သား၏ မျက်နှာ၊ ကြည့်ရပါပြီ

မှန်ရာ မလုပ်ဝံ့တော့ပြီ။

မှန်ရာမလုပ်၊ ရန်ငါရှုပ်

ကုပ်ကုပ်ကလေး ကွေးရပြီ။


အသက် ၅၀

အသက် ၆၀

အသက် ၇၀……..

အသက်ကြီးမှ၊ လူမုန်းမခံရပါစေနှင့်

လောကဆိုတာ သည်လိုပေါ့ကွယ်။


ချင်းတိုင်းရင်းသား ယဉ်ကျေးမှုအသင်းမဂ္ဂဇင်း (ခုနှစ် မဖော်ပြထားပါ)

စာမျက်နှာ ၇၅-၇၆။ ပုဂံကျောင်းက ခေါင်းလောင်းသံ၊ တင်မိုး။ ၁၉၇၇ ဇူလိုင်လ။


သက်ဆိုင်ရာ သက်ဆိုင်ရာ မျက်နှာ ပိုင်ရှင်များသို့…………….

0 comments:

Tuesday, May 22, 2007

ဘလဲ၊ ချီရတ် နဲ့ ကိုသန်းရွှေ

Two of Europe’s most important leaders concluded their political careers this week: British Prime Minister Tony Blair, who announced his imminent retirement, and France’s President Jacques Chirac, who is making room for the newly elected Nicolas Sarkovy.

At first sight, nothing unusual. Mr Blair has been in power for 10 years, and Chirac for over 12; the rotation of leaders is the essence of any well-functioning political system……………………….

Mr Blair did not have to retire. He won the last elections – handsomely – and could have remained in power for another three years. He may be unpopular at the moment, but his likely successor – British Finance Minister Gordon Brown – is not very popular either. Yet, it is off with Mr Blair’s head, mainly because his ruling Labour Party needs a “fresh face” in preparation for the next general election. Mr Chirac’s position is slightly different He has completed his second presidential term. But he could have run for the presidency again; he didn’t, mainly because he was considered too old for the job.

Extracted from “World this week”. The Straits Times Saturday, May 12 2007.

အကျဉ်းချုပ်ကတော့ ၁၀နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲနဲ့ ၁၂နှစ်ကျော် အုပ်ချုပ်ခဲ့တဲ့ ပြင်သစ် သမ္မတ ဂျက်ချီရတ် တို့နှစ်ယောက် ဒီအပတ်ထဲမှာပဲ အနားယူသွားကြပြီဆိုတာပါ။

ချီရတ်က သမ္မတသက်တမ်း နောက်တခေါက် ထပ်ပြိုင်လို့ရသေးရဲ့သားနဲ့ မပြိုင်တော့ဘဲ နေခဲ့တာပါ။ ၁၉၃၂ ဖွား ချီရတ်က သူဒီအလုပ်အတွက် သိပ်အိုနေပါပြီတဲ့။

တိုနီဘလဲကတော့ ၀န်ကြီးချုပ်သက်တမ်း ၃ နှစ်ကျန်သေးတာကို သူ့ပါတီ နောက်ရွေးကောက်ပွဲမှာ မျက်နှာပန်းလှဖို့ “မျက်နှာသစ်” လိုတယ်ဆိုပြီး နှုတ်ထွက်ပေးလိုက်တာပါ။ သူ့ကို လူကြိုက်နည်းလာတာကြောင့်လည်း ပါပါတယ်။

ကွာပုံ….ကွာပုံ။ ကျနော်တို့ရဲ့ ၁၉၃၃ ဖွား ကိုသန်းရွှေကရော….။

တကယ်တော့ ကျနော်တို့ရဲ့ စစ်ခေါင်းဆောင်များဟာ နှုတ်ထွက်ဖို့ မလိုဘူး။ ဘာလို့လဲဆိုတော့ နဂိုတည်းက ဒီအာဏာကြီးလိုချင်လို့ပဲ အတင်း လုယူထားတဲ့ဟာကို။ အဲဒါကြောင့် လူကြိုက်နည်းတာလည်း ဂရုစိုက်စရာ မလိုဘူး။ ဘာလို့လဲဆိုတော့ နဂိုတည်းက ဘယ်သူမှမှ မကြိုက်ကြဘဲ။ “မျက်နှာသစ်” လည်းမလိုဘူး။ တယောက်တည်း အုပ်ချုပ်ချင်လို့ အာဏာရှင်လုပ်နေတာ။ မဟုတ်မှတော့ ၁၉၉၀ တည်းက အာဏာစွန့်လိုက်မပေါ့လို့။ အိုလာပြီ ဆိုတာတော့ လာမပြောနဲ့။ မအိုခင်များ နားချင်ရင် Road Map ၇ ချက်ဆိုပြီး လူကြားကောင်းယုံ အော်နေပါ့မလား။ ခုထိတောင် နံပါတ် ၁ အချက်ပြီးသေးတာ မဟုတ်ဘူး။ မျှော်လင့်မနေနဲ့။ သနားတယ်……………………။

0 comments:

Monday, May 21, 2007

၁၇ ပြည့်မယ့် ၂၇

လာမယ့် ၂၇ ရက်နေ့ဆို ၁၉၉၀ ရွေးကောက်ပွဲ ပြီးခဲ့တာ ၁၇နှစ် ပြည့်ပြီ။ ဒီ ၁၇ နှစ်အတောအတွင်းမှာ ရွေးကောက်ပွဲရလာဒ်ကို အာဏာရှင်တို့က လုံးဝ ဥပက္ခာပြုထားသလို သူတို့အကြိုက် ရွေးကောက်ပွဲကို မေ့ပစ်သင့်တယ်လို့ ယူဆလာတဲ့သူတွေ၊ ယူဆချင်လာတဲ့သူတွေ၊ တော်တော်များလာတာတွေ့ရတယ်။

ကျနော့်အမြင်

၁၉၉၀ ရွေးကောက်ပွဲဟာ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ တိုက်ရိုက်ရလာဒ်ဖြစ်တယ်။ ၈၈ မရှိခဲ့ရင် ၉၀ ဆိုတာ ရှိလာမှာ မဟုတ်ဘူး။

၁၉၉၀ မှာ မဲပေးခဲ့ကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာလည်း ၈၈ အရေးတော်ပုံကို မျက်မြင်ကိုယ်တွေ့ သိရှိခံစားခဲ့ကြရတဲ့သူတွေဖြစ်တယ်။

ဒီလူတွေဟာ ဒီ ၁၉၉၀ ရွေးကောက်ပွဲအတွက် သူတို့ရဲ့ အသက်၊ သွေး၊ ချွေး ရင်းခဲ့ရတယ်။ မိသားစုပေါင်းများစွာ ပြိုကွဲခံခဲ့ရတယ်။ မိဘပေါင်းများစွာ သားသမီးတွေ ဆုံးရှုံးခံခဲ့ရတယ်။ ညီအကိုတွေ၊ မောင်နှမတွေ ဆုံးရှုံးခဲ့ကြရတယ်။

သူတို့တွေ သူတို့သွေးနဲ့ ရင်းခဲ့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ သူတို့ယုံကြည်တဲ့လူတွေလက်ထဲ တိုင်းပြည်ကို အပ်ခဲ့ကြတယ်။ ဒါဟာ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒ။

၁၇ နှစ်ကြာခဲ့ပြီ။ ၈၈ မျိုးဆက်တွေ၊ မဲပေးခဲ့ဖူးကြတဲ့သူတွေ၊ သူတို့တွေ အသက်ရှင်နေကြသေးတယ်။ သူတို့တွေ တိုင်းပြည်အတွက် မျှော်လင့်နေကြသေးတယ်။ တိုက်ပွဲဝင်နေကြသေးတယ်။

၁၉၉၀ ရွေးကောက်ပွဲကို မေ့လိုက်မယ်ဆိုရင် ၁၉၈၈ အရေးတော်ပုံကို ချောင်ထိုးလိုက်တာပဲ။ ၈၈ အာဇာနည်တွေရဲ့ ဆန္ဒကို လုံးလုံး ဆန့်ကျင်လိုက်တာပဲ။

ဒါကြောင့် ၁၇ နှစ်ပဲကြာကြာ၊ ၂၇ နှစ်ပဲကြာကြာ… ၈၈ မျိုးဆက်တွေ အသက်ရှင်နေသမျှ သူတို့ယုံကြည်တဲ့ အစိုးရကို တိုင်းပြည်အုပ်ချုပ်ခွင့် သက်တမ်းတခုတော့ ပေးရမယ်။ သူတို့ဆန္ဒ ပြည့်ဝရမယ်။ ၁၉၉၀ ကိုမေ့ပစ်ဖို့ မကြိုးစားပါနဲ့။

0 comments:

Tuesday, May 15, 2007

ရောက်တဲ့ ရန်ကုန်

လေယာဉ်ပေါ်က ထွက်တာနဲ့ ပြင်းပြတဲ့ နေပူပူအောက် စောင့်ကြိုနေတဲ့ ဘတ်စ်ကားအိုတွေ။ ကားနားတ၀ိုက်မှာ ယူနီဖေါင်းအိုတွေနဲ့ လုပ်ရိုးလုပ်စဉ် စောင့်နေကြတဲ့ ၀န်ထမ်းတွေ။ စကားပြောစက်ကိုင်ကာ အလုပ်ရှုပ်ချင်ဟန်ဆောင်နေရတဲ့ လူမအိုသေးပေမယ့် စိတ်အိုနေဟန်ပေါက်နေတဲ့ မြန်မာ့လေကြောင်းက ၀န်ထမ်းမလေးတွေ။ လူလည်းအို၊ စိတ်လည်းအိုနေတဲ့ Luggage တွေ သယ်ချ၊ ကန်ချ နေကြတဲ့ ၀န်ထမ်း ဦးကြီးတွေ။ အစီအစဉ်တကျ လုပ်နေကြတဲ့ အစီအစဉ်မကျတဲ့ မြင်ကွင်း။ ရန်ကုန်ကို ရောက်ခဲ့ပြန်ပြီ။

Arrival Hall အသစ်ကြီးထဲ Immigration မှာ ထုံးစံအိုအတိုင်း တန်းစီကြ။ ကျောင်းသားက တတန်း၊ အလုပ်သမားက တတန်း၊ အလည်အပတ်က တတန်း။ မှန်အပြင်မှာ စောင့်ကြိုနေကြတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူတွေ။ ကိုယ့်အရှေ့မှာ စောင့်ကြိုနေကြတဲ့ Immigratoin ၀န်ထမ်းတွေ၊ မမြင်ရတဲ့ သူ့မိသားစုတွေ၊ သူ့ဆွေမျိုးတွေ၊ သူ့အကြီးအကဲတွေ။ အဲဒီနောက်မှာ စောင့်ကြိုနေကြတဲ့ custom ၀န်ထမ်းတွေ၊ မမြင်ရတဲ့ သူ့မိသားစုတွေ၊ သူ့ဆွေမျိုးတွေ၊ သူ့အကြီးအကဲတွေ။

ဒီလိုနဲ့ တန်းစီနေတဲ့လူတွေ အလှည့်ကျ စာရွက်စာတမ်းတွေပေး၊ စကားတွေပြော၊ စီးကရက်တောင့်တွေပေးတဲ့လူကပေး၊ ပိုက်ဆံအိတ် ဖွင့်တဲ့လူကဖွင့်။ တယောက်ပြီး တယောက်။ နောက်တော့ Luggage Belt သေးသေးလေးပေါ်မှာ ဗရုတ်သုတ်ခ ထွက်လာတဲ့ အိတ်တွေ၊ ကြက်ခြေခတ် အဖြူကြီးတွေ ခြစ်ထားတဲ့ အိတ်တွေ။ တိုးဝှေ့ရွေးကြ၊ custom မှာစီတန်းထွက်ကြ။ ဒီလိုနဲ့ စာရွက်စာတမ်းတွေပေး၊ စကားတွေပြော၊ အိတ်တွေဖွင့်…………………။

ရန်ကုန်ကို ရောက်ခဲ့ပြန်ပြီ။

0 comments:

Thursday, May 10, 2007

ရန်ကုန် ၂၀၀၇

ကျနုပ် ရန်ကုန်သို့ ရောက်နေ၏။ ရန်ကုန်သည် ရောက်စက ပူ၏၊ လောင်၏။ ငရဲပြည်သည် အကယ်ပူလောင်သည် ဆိုပါက ကျနုပ်တို့သည် ငရဲပြည်တံခါးဝတွင် ရောက်ရှိနေဟန်တူ၏။ သူရိယနေမင်းနှင့် အဝေးဆုံးဖြစ်သော ကျနုပ်၏ ခြေဖမိုးပင်လျှင် ပူလောင်သောဒဏ်ကို လွန်စွာခံစားရ၏။ လူတို့သည် ပြင်းပြသော အပူဒဏ်ကို ခံရသည်ဖြစ်၍ စိတ်မသက်မသာရှိကြကုန်၏။ အ၀တ်အထည်တို့လည်း မှုန်မှုန်မှိုင်းမှိုင်းသာ ဖြစ်ကုန်၏။ ချွေးသည် တဒီးဒီးကျ၏။ အင်္ကျီ၊ လုံချည်တို့လည်း ရွှဲရွှဲစိုကုန်၏။ ဤအချိန်ကား လူတိုင်းလူတိုင်း ညီမျှသော အပူဒဏ်ကို ခံစားရချိန်တည်း။

ကျနုပ်လည်း အပူဒဏ်မှ လွတ်ပါစေကြောင်း အကြိမ်ကြိမ် ဆုတောင်း၏။ ပူကားပူမြဲ။ ရင်တွေသာ ဗလောင်ဆူ၏။ အေးချမ်းခြင်းမရသည့်အပြင် တိုးကာ ပူ၏၊ လောင်၏။

ဟော….လူတို့၏ ညီညီညာညာ ဆုတောင်းများကြောင့်လား၊ မိုးခေါ်ပွဲတွေကြောင့်လား။ မိုးကားရွာချေပြီ။ ရွာသည်မှ နေ့စဉ်ရက်ဆက် မရပ်မနား အတိုးချကာ ရွာ၏။ တနွေလုံး စွန့်ပစ်ထားသည့် အမှိုက်တို့ဖြင့် ပိတ်ဆို့နေသော (သို့) တသက်လုံး ရှင်းလင်းခြင်းမပြုဖူးသော မြောင်းတို့သည် ဇာတိပြတော့၏။ ရန်ကုန်သည် ရေဖွေးဖွေးဖြင့် ဖြစ်၏။ လှုပ်လီလှုပ်လဲ့မောင်းနှင်နေကြသော ကားတို့လည်း ရသည့်အခွင့်အရေးကိုယူကာ ရေလည်တွင် ရပ်ကြကုန်၏။ အချို့လည်း ရေကူးရင်း ခေါင်းချင်းဆိုင်၊ ဘေးချင်းရှပ်၊ နောက်ကနမ်း နည်းပေါင်းစုံဖြင့် နေရာပေါင်းစုံတွင် တိုက်ကြကုန်၏။ ရာသီဥတုကား အေးပြီ။ ရင်ကား မအေး။

မိုးရွာပြီဆိုမှဖြင့် လေပါ၏။ လေပါသဖြင့် မဟာဓာတ်အားလိုင်းများသည် လေယူရာယိမ်း၏။ ယိမ်းရာမှ အနီးအပါး ဓာတ်လိုင်းများနှင့် ထိမိခိုက်မိ ညိကြလေ၏။ ထိုအခါ မီးပွင့်ဖြူဖြူတို့ထွက်၏။ ကျယ်လောင်သော အသံကိုလည်း ကြားရ၏။ ကံဆိုးသူ အပူသည်တချို့သည် ယင်းကြိုးများအောက်တွင် ရောက်နေတတ်၏။ ယင်းသို့ဖြစ်ခဲ့ပါမူ ၄င်းတို့၏ လက်ရှိအပူလည်း ချက်ချင်းငြိမ်း၏။

ကျနုပ်ကား ကံကောင်းသဖြင့် ရေဖွေးဖွေးကြား မီးပွုင့်လည်းမိ၊ ရှေ့နှင့်ဘေးက ကားများလည်းပျက်၊ နောက်ကားများ ပိတ်စဉ် ယင်းသို့ ဓာတ်ကြိုးချင်း ကလူကျီစယ်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရ၏။ အုန်းကနဲမြည်၍ ဖွေးကနဲ ထွက်လာသော အဖြူရောင်အလင်းတန်းများ၊ ဘယ်ယိမ်း ညာယိမ်း လေယူရာတိမ်းနေသော မဟာဓာတ်အားလိုင်း။ ယင်းလိုင်းများအောက်တည့်တည့် ရေထဲမှ လှုပ်မရသော ကျနုပ်၏ကား။ ထိုအချိန်ဝင်ရောက်လာသော ကျနုပ်၏ ကြမ်းတမ်းလျင်မြန်သော ရင်ခုန်မှု။

ရန်ကုန်ကား မိုးတွေသည်းဆဲ၊ ပူလည်း ပူဆဲ။

4 comments: