Tuesday, September 18, 2007

အာဏာသိမ်း ၁၉နှစ်ပြည့်

လွန်ခဲ့သော ၁၉နှစ် ဤနေ့ ဤရက် တုန်းက ဆင်းရဲတွင်း နက်နေကြသော ဗမာပြည်သူ အပေါင်းတို့သည် ဆင်းရဲတွင်းမှ လွတ်ကင်းစေကြောင်း၊ လူသားတို့ ရရှိထိုက်သော လူ့အခွင့်အရေးများ ရရှိစေကြောင်း၊ မျိုးဆက်သစ်တို့ လှပသော အနာဂတ်ရရှိစေကြောင်း ရည်ရွယ်၍ လမ်းမများပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ၏။

ထိုလွန်ခဲ့သော ၁၉နှစ် ဤနေ့ ဤရက် တွင်ပင် ရက်စက်မှု သရဖူဆောင်း စစ်အာဏာရှင်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်၍ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့၏။

၁၉နှစ် တိုင်ခဲ့ပြီ။ ပြည်သူအပေါင်းကား ဆင်းရဲတွင်းမှ လွတ်ကင်းစေကြောင်း၊ လူသားတို့ ရရှိထိုက်သော လူ့အခွင့်အရေးများ ရရှိစေကြောင်း၊ မျိုးဆက်သစ်တို့ လှပသော အနာဂတ်ရရှိစေကြောင်း ရည်ရွယ်၍ လမ်းမများပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲ။

စစ်အာဏာရှင်များကား အာဏာတည်မြဲရေး၊ မိမိတို့ ကိုယ်ကျိုးစည်းပွား မထိခိုက်ရေး၊ မိမိတို့ မိသားစု ဆွေမျိုးများ လွန်လွန်ကဲကဲ ချမ်းသာရေး တို့ကို ရှေးရှု၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်ဆဲ။

မည်သို့ဆိုစေ။ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆန္ဒပြရင်း လွန်ခဲ့သော ၁၉နှစ်က ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ အပေါင်းအား၎င်း၊ လက်ရှိ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆန္ဒပြနေကြသော ရဟန်းရှင်လူ အပေါင်းအား၎င်း၊ ဗမာပြည်သူ တရပ်လုံးမှ ဂုဏ်ပြုရပေမည်။

“ကျဆုံး သွားကြသော ရဟန်းရှင်လူ ပြည်သူ အပေါင်းအား လေးစားစွာ အလေးပြုပါသည်”

“စွန့်လွှတ် အနစ်နာခံနေကြသော ရဟန်းရှင်လူ ပြည်သူ အပေါင်းအား လေးစားစွာ အလေးပြုပါသည်”

0 comments: